၄၆ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနား နေရာ အနှံ့အပြားတွင် ကျင်းပရန် စီစဉ်

၄၆ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနား နေရာ အနှံ့အပြားတွင် ကျင်းပရန် စီစဉ်
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် သြဂတ်စ်လ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၄၆ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားများအား ရခိုင်အမျိုးသားများက နေရာ ဒေသ အနှံ့အပြားတွင် ကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားများကို နှစ်စဉ် နှစ်တိုင်း ယခုလို ကျင်းပကြသည်။

စစ်တွေမြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် လမ်းမတော်တောင် လူငယ်များ အဖွဲ့တို့ ကြီးမှူး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ပါတီ အနေနဲ့ ၄၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို စစ်တွေ ပါတီ ဗဟိုဌာနချုပ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နံနက် ၅ နာရီ ကနေ အခမ်းအနားကို စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေဖြင့် ပါတီရုံးတွင် နံနက် ၅ နာရီခွဲ၌ ရဟန်း သံဃာတော်များ အား ပင့်ဖိတ်ပြီး ဆွမ်းကျွေး လှူဒါန်းသွားမည် ဖြစ်ပြီး နံနက် ၉ နာရီတွင် ဟောပြောပွဲ အခမ်းအနားကို စတင်မည် ဟု သိရသည်။

“ အခမ်းအနားမှာတော့ စစ်တွေ ဆန်ပြဿနာနေ့အတွင်း ကိုယ်တိုင် ပါ၀င်ခဲ့သူတွေက တက်ရောက်ပြီး သူတို့ ကြံုတွေ့ခဲ့ရတဲ့ အတွွေ့အကြံုတွေကို ဟောပြောသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာ အနာတရ ရခဲ့ကြတဲ့သူ တွေကိုလည်း ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်တွေ ဆန်ပြဿနာနေ့မှာ ၁၉၆၇ ခုနှစ် သြဂတ်စ်လ ၁၃ ရက်နေ့ တွင် စစ်တွေတွင် ဖြစ်ပွားခဲ့သည်။

ဆန်ရှားပါးမူကြောင့် ဆန်ရောင်းချပေးရန် စစ်တွေ လူထုက လမ်းမများပေါ်သို့ တက်ရောက်ပြီး တောင်းဆို ဆန္ဒပြရာ လုံခြံုရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို  ပစ်ခတ် နှိမ်နှင်းခဲ့သဖြင့် လူပေါင်း ၃၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

Most read this week