မြဒေးကျွန်းအမှုတွင် တရားခံကို မည်သူဟု မသိဘဲ မြို့နယ် ရဲမှူးက စာရင်းအရ တရားစွဲ

မြဒေးကျွန်းအမှုတွင် တရားခံကို မည်သူဟု မသိဘဲ မြို့နယ် ရဲမှူးက စာရင်းအရ တရားစွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းတွင် တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြ ကန့်ကွက်မူကြောင့် တရားစွဲခံရသူ ရွာသားများကို တရားလို ဖြစ်သူ စခန်းမှူးက မည်သူ မည်ဝါဟု တိတိကျကျ မသိဘဲ စာရင်းအရ တရားစွဲဆိုထားသည်ဟု သတင်း ရရှိသည်။

ဇူလိုင်လ ၁၈ ရက် စွဲချက်တင်စဉ် တရားခံ ရှေ့နေက တရားခံများကို သိပါသလားဟု မေးမြန်းစဉ် တရားလို စခန်းမှူးက တရားလို ၁၀ ဦးထဲတွင် ရှစ်ဦးကို မသိရှိဘဲ ဖြစ်နေသည်ဟု တရားစွဲခံထား ရသူ  မြဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ  ဦးထွန်းကြည်က ပြောသည်။

“စွဲချက်တင်ပြီးလို့ ဇူလိုင်လ ၁၈ ရက်နေ့ ရုံးချိန်းမှာ ကျနော်တို့ရှေ့နေ ဦးထိန်လင်းက တရားလို ဖြစ်တဲ့ ကျောက်ဖြူမြို့နယ် ရဲမှူး ဦးကျော်ဌေးကို ကိုယ်တရားစွဲ ထားတဲ့တရားခံတွေအပေါ် အသေအချာ သိမသိ မေးတော့ တရားစွဲဆိုခံရသူ  ၁၀ ယောက်မှာ ကျနော်နဲ့ နောက်တစ်ယောက်ကလွဲလို့ ကျန်တဲ့ ၈ယောက် ကို လူနဲ့ အမည်နဲ့ တွဲမရဖြစ်နေခဲ့တယ်” ဟု ပြောသည်။

၄င်းဖြစ်ရပ်နှင့် ပတ်သက်၍ ရှေ့နေဦးထိန်လင်းအား မေးမြန်းကြည့်ရာ ၄င်းက“ ဖြစ်ရပ်မှာ အမှန်တကယ် ဟုတ်မှန်ကြောင်း” နိရဥ္ဖရာကို အတည်ပြုပြောဆိုခဲ့သည်။

“ ဥပဒေကြောင်းအရ ကျနော့် အမှုကို သုံးသပ်ရရင် ဆန္ဒဖော်ထုတ်ခွင့် တင်တဲ့သူ တွေကိုပဲ ခေါင်းဆောင်အဖြစ် ယတိပြတ် သတ်မှတ်ပြီးတော့ သူတို့ အမည်စာရင်းအရပဲ တရားစွဲဆိုတာ ဖြစ်ပုံရပါတယ်။ တရားခံတွေဟာ တကယ်ခေါင်းဆောင်သလားဆိုတာကို ဂဃနဏ မသိဘဲ တရားစွဲဆို လိုက်ပုံရတယ်”ဟု ဦးထိန်လင်းက  သုံးသပ် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ် CNPC ကုမ္ပဏီအား ဧပြီလ ၁၈ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှု ဖြင့်  မြဒေးကျွန်းမှ ဒေသခံ ပြည်သူ ၁၀  ကို ကျောက်ဖြူမြို့နယ် ရဲမှူး ဦးကျော်ဌေးမှ တရားလို အဖြစ် ဆောင်ရွက်ကာ တရားစွဲဆိုထားသည်။

တရားဥပဒေ လုပ်ထုံး လုပ်နည်းအရ တရားစွဲဆိုသူသည် တရားစွဲခံရသူကို အမည်နှင့် လူကို သိရှိရန် လိုအပ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ အမည်နှင့် လူကို တွဲမသိဘဲ တရားစွဲဆိုခြင်းမှာ တရား ဥပဒေ ရှု့ထောင့်က ကြည့်လျှင် လုံးဝ မဖြစ်သင့်ဟု ဆိုသည်။

မြဒေးကျွန်းသား ၁၀ ဦးအား စွဲဆိုထားသည့် ပုဒ်မနှင့်ပတ်သက်၍ ပုဒ်မ ၁၈ ပြဋ္ဌာန်း ချက်မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ကိုက်ညီမှုမရှိသဖြင့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၃အရ ဖွဲ့စည်းပုံ ခုံရုံး အဆုံးအဖြတ်ကိုခံယူရန် ဇွန်လ ၃ရက်နေ့တွင် ၄င်းတို့၏ ရှေ့နေက တရားရုံးသို့ လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီး ဦးနေဝင်းက ပယ်ချခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံ ခုံရုံး အဆုံးအဖြတ် ခံယူရန် လိုခြင်း လျှှောက်လဲချက်နှင့်စပ်လျဉ်း၍ရှေ့နေဦးထိန်လင်းက ယခုလို ရှင်းပြသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ မှာ လွတ်လပ်စွာ ပြောဆို စုဝေး၊ စီတန်း လှည့်လည်နိုင်တယ်လို့ ဆိုထားတယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈မှာ ကျတော့ ခွင့်ပြု ချက် မပါဘဲ ဆန္ဒပြရင် ဖမ်းဆီး၊ တရားစွဲဆို၊ အရေးယူမယ်လို့ဆိုထားပြန်တယ်။ ဒီဥပဒေပြဋ္ဌာန်း ချက်နှစ်ရပ်ဟာ မရှင်းမလင်းဖြစ်နေလို့ ခုံရုံးအဆုံးအဖြတ်ကို ခံယူဖို့ တင်ပြခဲ့တာ ဖြစ်တယ်။ ဒါကို တရားသူကြီး ဦးနေဝင်းက ပယ်ချခဲပါတယ်”ဟု ဆိုသည်။

မြဒေးကျွန်းအမှု၌ ကနဦးစွဲဆိုစဉ်က လိုပြသက်သေ ၁၅ ဦး ထိ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မြဒေးကျွန်း သားများ နှင့် ကျောက်ဖြူ ရပ်မိရပ်ဖ  ၁၀ ဦးကို လိုပြ သက်သေအဖြစ်မှ ဖယ်ရှားပစ်ခဲ့သည်။  နောက်ထပ် ရုံးချိန်းကို လာမည့်ဇူလိုင်လ ၂၉ ရက်နေ့တွင် ဆင့်ခေါ်ထားသည်ဟု ရှေ့နေက ဆိုသည်။

အမှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဦးထွန်းကြည်က “ခွင့်ပြုချက်တင်တဲ့အခါမှာ သူတို့ ကိုယ်စား လုပ်ဆောင်ပေးခဲ့တာ မှန်ပေမယ့် ခွင့်ပြုချက် မပေးတဲ့အခါ ကျနော်တို့ မလုပ်ဖြစ်ခဲ့ဘူး။ တကယ်တမ်း ခွင့်ပြုမဲ့ဆန္ဒ ပြတဲ့အခါကျတော့ ၀ရုန်းသုန်းကား မဖြစ်ရလေအောင် ဆန္ဒပြသူတွေရဲ့ ဘေးကနေပြီး ထိန်းသိမ်းတဲ့ သဘောနဲ့ ကျနော်တို့ လိုက်ပါ ဆောင်ရွက်ပေးခဲ့တယ်။ ဒါကိုကြည့်ပြီးတော့ ဆန္ဒပြခေါင်းဆောင်အဖြစ် တမင်ရည်ရွယ်ပြီးတော့ တံဆိပ် ကပ်ပေး လိုက်တာသာ ဖြစ်တယ်။ ကျနော်တို့ကတော့ တရားဥပဒေနဲ့အညီ အမှုကို ရင်ဆိုင်သွား မှာပါ” ဟု ရှင်းပြသည်။

ဧပြီလ ၁၈ရက်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး အပါအဝင် တောင်းဆိုချက်များ ရရှိရေး အတွက် မြဒေးကျွန်းသားတို့က CNPC ကို ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့ရာ ဒေသခံ ၁၀ဦးကို မေလ ၆ရက်နေ့မှ စ၍ ကျောက်ဖြူမြို့နယ် တရားရုံး၌ပ ုဒ်မ(၁၈) အရ ရုံးတင် တရားစွဲခဲ့သည်။

လက်ရှိ ရခိုင်တပြည်နယ်လုံးတွင် ပုဒ်မ ၁၈ဖြင့်တရားစွဲခံထားရသူပေါင်း ၂၇ ဦးရှိနေပြီး၊ မဒေးကျွန်းCNPC ဆန္ဒပြမှုဖြင့် ၁၀ ဦး နှင့် နိုင်ငံသားမစီစစ်ဘဲ ဒုက္ခသည်များအတွက် အိမ်ရာဆောက်ပေးခြင်းအား ကန့်ကွက်ဆန္ဒပြမှုဖြင့် ၁၇ ဦးတို့ ပါ၀င် ကြောင်းသိရသည်။

Most read this week