သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI) က ကြေညာချက် တစောင် ထုတ်ပြန်ပြီး ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး အခြေအနေများကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားရန် တိုက်တွန်း လိုက်သည်။
“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်များအား ဆက်လက် ပြဋ္ဌာန်းထားရန် တောင်းဆိုချင်ပါသည်။ ပြည်တွင်း လူ့အခွင့်အရေး ယန္တရားများနှင့် တွဲဖက်ကာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန် အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှှုများ ဆက်လက် ပြုလုပ်နိုင်ရေးကို မြန်မာအစိုးရက ခွင့်ပြု အာမခံချက် ပေးရန်လည်း တောင်းဆိုချင်ပါသည်” ဟု လူ့အခွင့်အရေး အန်ဂျီအို တခုဖြစ်သည့် AI ၏ မတ်လ ရ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင် ပါရှိသည်။
ထိုကြေညာချက် ထုတ်ပြန်ချိန်သည် ဦးသိန်းစိန် အီတလီသို့ သွားရောက်ချိန်နှင့် တိုက်ဆိုင်နေသည်။ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အီတလီ သမ္မတ Giorgeo Napolitano က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြုပြင်ပြောင်းလဲမှုများအပေါ် ဝမ်းမြောက်မိကြောင်းနှင့် ကျန်ရှိနေသေးသည့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးမည်ဟု ကတိပေးခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဥရောပ နိုင်ငံများက မြန်မာ သမ္မတကို နွေးထွေးစွာ လက်ခံကြိုဆို ခဲ့ကြသဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြားက ဝေဖန်ခဲ့ကြသည်။ မြန်မာ နိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေများမှာ ဆက်လက် ဆိုးဝါးလျက် ရှိနေသဖြင့် ထိုကဲ့သို့ ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသည် ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကို မြန်မာနိုင်ငံသို့ ပုံမှန် လာရောက် လေ့လာခွင့် ပြုခဲ့သည်။ ဖေဖော်ဝါရီလ ကလည်း မြန်မာနိုင်ငံသို့ လာရောက် လေ့လာခဲ့ပြီး လူပေါင်း ၁၂၀,၀၀၀ ခန့်သည် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုအလုံအလောက် မရရှိဘဲ နေထိုင်နေကြရကာ၊ ရိုဟင်ဂျာနှင့် အခြားမူဆလင်များ နေထိုင်ကြရသည့် ဒုက္ခသည် စခန်းများတွင် အခြေအနေများ ပိုမိုဆိုးဝါးသည်ဟု မစ္စတာ ကင်တားနားက ဆိုခဲ့သည်။
ကင်တားနားသည် သူ၏ ငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြစ်ကြီးနား အကျဉ်းထောင် သို့ုလည်း သွားရောက်ခဲ့သည်။
“ကချင် အမျိုးသားတွေ အပေါ် KIA နဲ့ ပတ်သတ်တယ်လို့ စွပ်စွဲပြီးတော့ တဘက်သတ် ဖမ်းဆီးမှုတွေ၊ စစ်ဆေးမေးမြန်းစဉ် အတွင်းမှာ နှိပ်စက်မှုတွေ ဆက်လက်ဖြစ်ပွါးနေတာနဲ့ ပတ်သတ်ပြီးတော့ ကျနော်စိုးရိမ် မိပါတယ်” ဟု ကင်တားနားက ဆိုခဲ့သည်။
မတ်လ ၁ ရက်နေ့ကလည်း လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် ND-Burma အဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ရာ တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံးတွင် “သတ်ဖြတ်ခြင်း၊ မြေယာများ သိမ်းခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ကလေးစစ်သားများ စုဆောင်းခြင်း၊ အတင်းအကြပ် နေရာ ပြောင်းရွှေ့ခိုင်းခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း နှင့် ဆိုးဝါးစွာ ဆက်ဆံခြင်း” တို့ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည်ဟု ဆိုခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသား ဒေသများ၊ ပဋိပက္ခ ဖြစ်ပွါးရာ ဒေသများနှင့် အငြင်းပွါးဖွယ်ရာ စီမံကိန်းကြီးများ အကောင်အထည် ဖော်နေသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဆိုးဝါး ပြင်းထန်နေသည်ဟု ထိုအစီရင်ခံစာက ဆိုထားသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့က မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်မှာ ကရင်တိုင်းရင်းသားများ အခြေချ နေထိုင်သည့် နေရာ အတော်များများတွင် လွန်ခဲ့သည့် နှစ်က မြေယာများ သိမ်းသည့် အမှုများနှင့် အဓမ္မ မောင်းထုတ်သည့် အမှုများ လွန်ခဲ့သည့် နှစ်က ယခင်ထက် ပိုမိုများပြားလာသည်ဟု ဆိုသည်။
ဝါရှင်တန် အခြေစိုက် လူ့အခွင့်အရေးအတွက် ဆရာဝန်များ (PHR) အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း ညွှန်ကြားရေးမှူးဟောင်း ဖြစ်သူ Bill Davis ကလည်း ဖေဖော်ဝါရီလ အတွင်းက မဇ္စျိမ သတင်းဌာနသို့ ပြောကြားခဲ့ရာတွင် “ချင်းပြည်နယ် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အရင် အစိုးရတွေ လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားခဲ့ရပါတယ်။ ဝမ်းနည်းစွာနဲ့ ဆက်ပြောရရင် အခုလက်ရှိ အစိုးရ အောက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရဆဲပါပဲ” ဟု ဆိုခဲ့သည်။
ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှှုများ ရှိနေသည်ဟု ဆိုကြသော်လည်း ယခုလ အစောပိုင်းက နိုင်ငံတကာ သတင်းများအရ ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု လျာထားစာရင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန်၏ အမည်ပါဝင်နေသည်ဟု သိရသည်။ အီဂျစ်၏ မာသာထရီဇာဟု တင်စားခြင်း ခံရသူ Maggie Gorban ၊ အမေရိကန် အစိုးရ၏ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ဝီကီလိခ် သို့ ပေးပို့ခဲ့သည့် အမေရိကန် စစ်တပ်မှ Bradley Manning ၊ အသက် ၁၅ နှစ်အရွယ်ရှိ ပါကစ္စတန် ကျောင်းသူ မာလာလာ တို့နှင့်အတူ ဦးသိန်းစိန်၏ နာမည်လည်း နိုဘယ်ဆု လျာထားစာရင်းတွင် ပါဝင်နေသည်ဟု ဆိုကြသည်။