အိန္ဒိယမှ ပေးသည့် ချင်းပြည်နယ်ဖွံ့ဖြိုးရေး အကူအညီ အလဟဿ ဖြစ်မည်ကို ဒေသခံများ စိုးရိမ်

အိန္ဒိယမှ ပေးသည့် ချင်းပြည်နယ်ဖွံ့ဖြိုးရေး အကူအညီ အလဟဿ ဖြစ်မည်ကို ဒေသခံများ စိုးရိမ်
by -
မဇ္ဈိမ

ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ အိန္ဒိယအစိုးရက ပေးအပ်မည့် ငွေကြေး အကူအညီများသည် မြန်မာနိုင်ငံ၏ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တဆင့် ပေးအပ်မည် ဖြစ်သောကြောင့် ထိုအကူအညီများအား တကယ်လိုအပ်သည့် နေရာတွင် အသုံးချခွင့် မရဘဲ အဟောသိကံ ဖြစ်သွားမည်ကိုဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

“အိန္ဒိယအနေနဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီဖို့ ဆန္ဒရှိတာက ကောင်းပါတယ်။ ပိုပြီး အရေးကြီးတာကတော့ ဒေသတွင်းက လူတွေ ဘာအကျိုးကျေးဇူးမှ မခံစားလိုက်ရမယ့် အဖြစ်မျိုးကို ရှောင်လွှဲဖို့အတွက် အိန္ဒိယရဲ့ အကူအညီတွေ မဆိုင်သူတွေလက်ထဲ ရောက်မသွားဖို့ပါပဲ” ဟု ဒေသခံ ချင်းလူမျိုး သင်းအုပ်ဆရာ တဦးက Chinland Guardian သတင်းဌာနသို့ ပြောကြားခဲ့သည်။

ချင်း လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ Rachel Fleming က Chinland Guardian သို့ ပြောကြားရာတွင်လည်း “အိန္ဒိယက ပေးတဲ့ ဘဏ္ဍာရေး အကူအညီတွေကို နတလကျောင်း နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေ ဆောက်ဖို့ မသုံးသင့်ပါဘူး။ ကျနော်တို့ရဲ့ သုတေသန စစ်တမ်းတွေ အရ စစ်တပ်က ဦးဆောင်တဲ့ အဲဒီ့ နယ်စပ်ရေးရာဝန်ကြီးဌာန ကျောင်းတွေမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိပါဘူး” ဟု ဆိုသည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက Khonumthung သတင်းဌာန၏ သတင်းတရပ်တွင် ချင်းပြည်နယ် အတွင်းရှိ နတလ ကျောင်းများတွင် ဗုဒ္ဓဘာသာဝင်များ ကြီးစိုးနေကြောင်း ဖော်ပြခဲ့သည်။

ချင်းပြည်နယ်မှာ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် အဆင်းရဲဆုံး ဖြစ်သည်ဟု ကုလစစ်တမ်းတစောင်က ဆိုထားပြီး အလုပ်လက်မဲ့ ရာခိုင်နှှုန်းမှာလည်း ရ၃ ရာခိုင်နှှုန်း ရှိနေ၍ ထိုစိုးရိမ်မှှုများမှာ သဘာဝ ကျပေသည်။ ထို့ပြင် ချင်းပြည်နယ် အတွင်း အစာရေစာ ပြတ်လပ်မှှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကာ အစိုးရ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှှုများနှင့် ခရစ်ယာန် ဘာသာဝင် ချင်းလူမျိုးများအား မြန်မာအာဏာပိုင်များက စနစ်တကျ ဘာသာရေး နှိပ်ကွပ်မှှုများ ပြုလုပ်နေသည့် အကြောင်းအရာများကို ပြည်ပ NGO များက နိုင်ငံတကာ အသိုင်းအဝိုင်းအား အဆက်မပြတ် သတိပေးနေရသည်။

ချင်းအမျိုးသားနေ့ ဖြစ်သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကိုယ်စားလှယ် Bertrand Bainvel သည် ဖလမ်း မြို့နယ်နှင့် မြို့တော် ဟားခါး တို့သို့ သွားရောက် လည်ပတ်ခဲ့ သည်။ ပြည်နယ် အတွင်းရှိ ကလေးငယ်များ၏ ကျန်းမာရေး၊ အာဟာရ နှင့် ပညာရေး ကဏ္ဍများတွင် တိုးတက်မှှု တချို့ ရှိကြောင်း တွေ့ခဲ့ရသည်ဟု သူက ဆိုသည်။

“လူတွေကို ဗဟိုပြုပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာ အစိုးရရဲ့ ဖွံ့ဖြိုးရေး ကြိုးပမ်းချက်ဟာ မြန်မာပြည်က ကလေးငယ်တွေ အတွက် မကြံုစဖူးတဲ့ အခွင့်အရေးတွေကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှှု အနိမ့်ဆုံး အလွှာက ကလေးငယ်တွေအတွက် အခွင့်အရေးတွေ ရစေပါတယ်” ဟု သူကဆိုသည်။

Bertrand Bainvel က ချင်းပြည်နယ် ဝန်ကြီးချုပ်ကို ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှှုလျှော့ချလိုက်ခြင်းသည် ပြည်နယ်များတွင် ဖွံ့ဖြိုးရေး လုပ်ဆောင်ရာ၌ ဒေသခံ ပြည်သူများ၏ လိုအပ်ချက်ကို အဓိကထား၍ လုပ်ဆောင်ရန် အခွင့်အလမ်း ပွင့်သွားခဲ့ပြီး အချို့တဲ့ဆုံး အလွှာများကို ကူညီပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

သို့ရာတွင် အမေရိကန်နိုင်ငံ အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့မှ အကြီးတန်း ဥပဒေ အကျိုးဆောင် အရာရှိ Andrea Gittleman က မဇ္စျိမကို ပြောရာတွင် ဆယ်စုနှစ်ပေါင်း များစွာ မြန်မာစစ်တပ်၏ ဖိနှိပ်မှှုများ ခံခဲ့ရသည့် ချင်းပြည်နယ်အတွင်းရှိ လူထုသည် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ရှိနေသဖြင့် ထိုပြဿနာများကိုလည်း ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်နေသည်ဟု ဆိုသည်။

“ချင်းပြည်နယ် အတွင်းမှာ ပြုလုပ်ခဲ့တဲ့ PHR အဖွဲ့ရဲ့ သုတေသန အရ၊ စစ်တမ်းပြုလုပ်နေတဲ့ တနှစ်တာ ကာလ
အတွင်းမှာ စစ်တမ်းကောက်ယူမှှု မေးခွန်းတွေကို ဖြေကြားပေးခဲ့တဲ့ မိသားစုတွေရဲ့ ၉၂ ရာခိုင်နှှုန်း ခန့်ဟာ လုပ်အားပေးဖို့ အဓမ္မစေခိုင်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီလို အတင်းအဓမ္မ ခိုင်းစေသူတွေကလည်း များသောအားဖြင့် မြန်မာစစ်တပ်က ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

“လေ့လာမှှုတွေက ဖော်ပြနေတာကတော့ စစ်ဖြစ်နေခြင်း မရှိတဲ့ ဒေသတွေမှာတောင် လူ့အခွင့်အရေး ချိုးဖောက်နှုန်းက မြင့်မားနေပါတယ်။ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှှုတွေကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အနာဂတ်မှာ အဲဒီလို ရာဇဝတ်မှှုတွေ မဖြစ်အောင် တားဆီးဖို့အတွက် ထိရောက်ပြီး စိတ်ချရတဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိသေးသလို အချိုးဖောက်ခံရသူတွေ ခံစားရတဲ့ နစ်နာမှှုတွေကို တရားသဖြင့် ပြန်လည် ပေးဆပ်မယ့် အစီအစဉ်မျိုးတွေလည်း ဒီနေ့ထိ မရှိသေးပါဘူး” ဟု သူကဆိုသည်။

PHR အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း ညွှန်ကြားရေးမှူးဟောင်း ဖြစ်သူ Bill Davis ကလည်း Andrea Gittleman ၏ အချက်အလက်များကို သဘောတူသည်။

“ချင်းပြည်နယ် လူဦးရေရဲ့ ၉၀ ရာခိုင်နှှုန်း ကျော်ဟာ အရင် မြန်မာအစိုးရတွေ လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှှုတွေကို ခံစားခဲ့ရပါတယ်။ ဝမ်းနည်းစွာနဲ့ ဆက်ပြောရရင် အခုလက်ရှိ အစိုးရ အောက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှှုတွေကို ခံစားနေရဆဲပါပဲ” ဟု Bill Davis က ဆိုသည်။

“ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အတင်းအဓမ္မ ခိုင်းစေမှှုတွေ အပြင် ဘာသာရေး ဖိနှိပ်မှှုတွေကလည်း ကြီးမားတဲ့
ပြဿနာ တခုပါ။ လွန်ခဲ့တဲ့နှစ်က PHR အဖွဲ့က အိန္ဒိယမှာ ရှိတဲ့ ချင်းဒုက္ခသည်တွေကို အင်တာဗျူး ပြုလုပ်တော့ သူတို့က သူတို့အနေနဲ့ အစိုးရသစ်ကို မယုံကြည်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ပြန်ဖို့ မစီစဉ်ကြဘူးလို့ သူတို့က ပြောခဲ့ကြပါတယ်” ဟု Bill Davis က ဆိုသည်။
 
PHR အဖွဲ့က ယခင် အစိုးရများ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှှုများအား သမ္မတ ဦးသိန်းစိန်
ခေါင်းဆောင်သည့် လက်ရှိအစိုးရက ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

“ဒီအစိုးရ အနေနဲ့ အဆိုးဆုံး လုပ်နိုင်တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်းမှာ ချင်းလူမျိုးတွေ အပေါ် ဘာမှ ဆိုးဆိုးဝါးဝါး မလုပ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်ဖို့ပါပဲ” ဟု Davis က ဆိုသည်။

“ချင်းလူမျိုးတွေ အပေါ် ဒုတိယတန်းစား နိုင်ငံသားတွေ သဖွယ် သဘောထားပြီး ဆက်ဆံနေခြင်းဟာ သူတို့ရဲ့
နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ရုံမက သူတို့ရဲ့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေ ပါတယ်” ဟု Davis က ဆိုသည်။