ရခိုင် ဒုက္ခသည်များ အတွက် အိမ်ယာ ၆၆၉ လုံး ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ဆောက်

ရခိုင် ဒုက္ခသည်များ အတွက် အိမ်ယာ ၆၆၉ လုံး ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ဆောက်
by -
နိရဥ္စရာ

ဇွန်လက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သော ရခိုင် ဒုက္ခသည် မိသားစုများ အတွက် အိမ်ယာ ၆၆၉ လုံးကို စစ်တွေတစ်ဘက်ကမ်း  ဆတ်ရိုးကျတွင် တည်ဆောက်နေ သည်ဟု သိရသည်။

“အခု တည်ဆောက်နေတဲ့ နေရာက စစ်တွေမြို့ တစ်ဘက်ကမ်း ဆတ်ရိုးကျ စက်မူဇုံ အနီးမှာ ဖြစ်ပါတယ်။ စုစုပေါင်း အိမ် ၆၆၉ လုံးကို တည်ဆောက်နေပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မြကျော်က ပြောသည်။

Victims

အိမ်တစ်လုံး တန်ဖိုးမှာ ကျပ်သိန်း ၄၀ ခန့်ကုန်ကျမည် ဖြစ်ပြီး နှစ်လအတွင်း အပြီးသတ်တည်ဆောက် သွားမည်ဟု ဆိုသည်။

“မတ်လ နောက်ဆုံးထားပြီး အပြီးသတ် တည်ဆောက်မယ်လို့ သိရပါတယ်။ အခု ဆောက်လုပ်ရေး ကုမ္ပဏီ အများအပြားက စတင် ဆောက်လုပ်နေကြပါပြီ။ ရခိုင်ပြည်နယ် အစိုးရရယ်၊ စည်ပင်ရယ်၊ လပကရယ် သုံးခု ပေါင်းပြီး အကောင်အထည်ဖေါ်နေပြီ” ဟု ဆိုသည်။

၎င်းပြင် ဆတ်ရိုးကျချောင်းကို ဖြတ်ပြီး ကွန်ကရစ် တံတား တစ်ခုလည်း များမကြာမှီ တည်ဆောက်သွား မည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မူဇုံတွင် ရခိုင် ဒုက္ခသည်မိသားစုများကို နေရာချပေးသွား ရန် စီစဉ်ခြင်းမှာ သင့်တော် ကောင်းမွန်သော အစီအစဉ် ဖြစ်သဖြင့် ကြိုဆို ထောက်ခံကြောင်း ဦးအောင်မြကျော်က ပြောသည်။

“အခုလို စစ်တွေမြို့ပြင် ဆတ်ရိုးကျဘက်မှာ နေရာချပေးတာက ကောင်းတဲ့ အစီအစဉ်ပါ။ မဟုတ်ရင် စစ်တွေမြို့ထဲမှာ လူတွေက ပြည့်ကြပ်နေပြီး ရှုတ်ထွေးနေတယ်။ ခုတည်ဆောက်ပေးနေရာက လူနေအိမ် တွေလည်း သိပ်မရှိတဲ့ အတွက် နေရာကောင်းပါတယ်။ တံတားထိုးပေးဖို့လည်း ဘတ်ဂျက် ကျသွားပြီဆိုတော့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသွားမှာပါ” ဟု ဆိုသည်။

ရခိုင်ဒုက္ခသည်များသည် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးကတည်းက ဘုန်းတော်ကြီးကျောင်းများနှင့် ဒုက္ခသည် စခန်းများတွင် ခုနှစ်လကျော်ကြာအောင် နေထိုင်ခဲ့ပြီးနောက်ပိုင်း ယခု စီမံကိန်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခု ဆောက်လုပ်နေသော အိမ်ယာ စီမံကိန်းကို နိုင်ငံတကာမှ ထောက်ပံ့ အကူအညီများဖြင့် တည်ဆောက် နေကြခြင်း ဖြစ်သည်ဟု သိရသည်။

စစ်တွေတွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဆူပူ  အကြမ်းဖက်မူတွင် ရခိုင်နှင့် မွတ်ဆလင် မိသားစု တစ်သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

Most read this week