ရမလ ပါတီ ဗဟိုကော်မီတီဝင်ဟောင်း ဦးဘတင် ကွယ်လွန်

ရမလ ပါတီ ဗဟိုကော်မီတီဝင်ဟောင်း ဦးဘတင် ကွယ်လွန်
by -
နိရဥ္စရာ

ဗမာအစိုးရထံ ဒူးမထောက် လက်မမြှောက်ဘဲ သေသည့်အထိ ဆန့်ကျင် တော်လှန် တိုက်ပွဲ ၀င်သွားခဲ့သူ ရခိုင်ပြည် အမျိုးသား လွှတ်မြောက်ရေး ပါတီ ပါတီ ဗဟိုကော်မီတီ ၀င်ဟောင်း  ဦးဘတင်သည် ဖေဖေါ်ဝါရီ ၄ရက်နေ့တွင် ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘဇားခေါ် (ဖလောင်းချိတ်)မြို့ နေအိမ်တွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။

ဦးဘတင်သည် ကွယ်လွန်ချိန်တွင် အသက် ရ၉ နှစ်ရှိပြီ ဖြစ်ပြီး  သူသည် ရမ်းဗြဲမြို့နယ် ချောင်းနယ်အုပ်စု ဇာတိ ဖြစ်သည်။

ကော့စ် ဘဇားမြို့ ကျောင်းနားရွာ သိမ်ပြင်ကွင်းထဲ၌ နေထိုင်ခဲ့သော အိမ်ငယ်တလုံးတွင် မည်သူမှ မသိလိုက်ဘဲ  သေဆုံးနေသည်ဟု အသက် ရ၅ နှစ်ရှိပြီ ဖြစ်သော ဇနီးသည် ဒေါ်မကျီက ပြောသည်။

“ဒီနေ့ ညနေ ၈ နာရီခွဲမှာ ထမင်းစားဖို့  နှိုးတော့ မနိုးဘူး။ မနိုးတဲ့အခါကျတော့ လူတွေကို အကြောင်းကြား တယ်။ လူတွေဝိုင်းနှိုးတော့ အသက်မရှိတော့ဘူး” ဟု ဆိုသည်။

ဦးဘတင်သည် မသေဆုံးမှီ ဖလောင်းချိတ်မြို့ထဲသို့ သွားရောက်ခဲ့သေးသည်ဟု ဒေါ်မကျီက ဆက်ပြော သည်။

“မြို့ထဲဘက်က ပြန်လာပြီး အိပ်ရာထဲတွင် ခါတိုင်းနေ့တွေလိုဘဲ ခဏလေး လဲနေတဲ့ အချိန်မှာ သေဆုံးသွားတာပါ။  သူအသက်ဆုံးတာတောင် မသိလိုက်ဘူး။ သေကံ တော်တော်ကောင်းတယ်လို့ ပြောလို့ရပါ တယ်” ဟု ဆိုသည်။

ဦးဘတင်သည် သူ့ဘဝ တလျှောက်လုံးကို တော်လှန်ရေးတွင် ပေးဆပ်ခဲ့သူ တစ်ဦး ဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုး အတွက် သူပေးဆပ်ခဲ့ပုံကိုလည်း ပြည်ပရောက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေး မှူးဟောင်း ဦးစံလှဖြူက  နိရဥ္စရာသို့ ယခုလို ပြောသည်။

“သူ့ရဲ့ အမျိုးသားရေး လမ်းကြောင်းတလျှောက်လုံးမှာ ရန်သူဆီ ဒူးမထောက်၊ လက်မမြှောက်ဘဲ ဘဝကိုစတေး ခဲ့သူ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘဝကိုပေးဆပ်ခဲ့တဲ့ အတွက် နောင်လာနောင်သား မျိုးဆက်သစ် လူငယ်တွေ အတုယူသင့်တယ်။ ဂုဏ်ယူသင့်ပါတယ်။ ဒီလို အမျိုးသားရေးအတွက် အနစ်နာခံတဲ့သူ များလာမှ အဲဒီလူမျိုးဟာ အောင်မြင်မှုပန်းတိုင်ကိုရလာမှာပါ” ဟုပြောသည်။

ဦးဘတင်သည် ရမလ ပါတီ၌ ဗဟိုအလုပ် အမှုဆောင် (ဘဏ္ဍာရေးမှူး) တာဝန်အဖြစ် ထမ်းဆောင် ခဲ့သည်။

ဘင်္ဂလားဒေ့ချ် နိုင်ငံတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဌာနခွဲ)တွင် နယကအဖြစ် ထမ်းဆောင် ခဲ့သည်ဟု သိရသည်။

ဦးဘတင်အား ဖေဖေါ်ဝါရီလ ရရက်နေ့ တွင် သဂြိုလ်မည်ဟု သိရသည်။

ဦးဘတင်သည် ပြည်တွင်းတွင် တော်လှန်ရေး လုပ်ခဲ့ပြီး  ၁၉၇၈-ခုနှစ်က ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ရောက်ရှိခဲ့ သည်။

Most read this week