နိုင်ငံခြားသားများ ကွန်ဒို၀ယ်ယူခွင့် ဥပဒေမူကြမ်းတွင် ပါ၀င်

နိုင်ငံခြားသားများ ကွန်ဒို၀ယ်ယူခွင့် ဥပဒေမူကြမ်းတွင် ပါ၀င်
by -
မဇ္ဈိမ

ယခု ပြုလုပ်နေသည့် လွှတ်တော်၌ တင်သွင်းမည့် ကွန်ဒိုမီနီယမ် ဥပဒေ မူကြမ်းတွင် လေးဆယ်ရာခိုင်နှုန်း ထက်မကျော်သည့် အိမ်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချခွင့်နှင့် ပေးကမ်းခွင့်တို့ ထည့်သွင်း ရေးဆွဲထားကြောင်း မြို့ပြ အကြံပေး ပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။

အဆိုပါ ပြဋ္ဌာန်းထားမှုတွင် နိုင်ငံခြားသားများအား ရောင်းချခွင့်နှင့် ပေးကမ်းခွင့် ရှိသည်ဆိုရာတွင် ဆဋ္ဌမထပ်နှင့် အထက်ရှိသည့် အိမ်ခန်းများသာ အကျူးံဝင်ပြီး လက်ရှိတွင်လည်း နိုင်ငံသား အမည်ခံကာ နိုင်ငံခြားသားမှ ၀ယ်ယူ နေကြသည်များလည်းရှိသည်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ စတင်ကာ အိမ်ခြံမြေများကို နိုင်ငံခြားသားများ ပိုင်ဆိုင်မည် စိုးရိမ်၍ ၁၉၄၇ ခုနှစ်ကတည်းက နိုင်ငံခြားသားများအား မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ရောင်းချခြင်းကို ကန့်သတ်ထားသည်။ ယခုအခါ ပြန်လည် ခွင့်ပြုရန် ကွန်ဒိုမီနီယမ် ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲ ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ ဘန်ကောက် တိုက်ခန်းများမှာ အကြမ်းအားဖြင့် ဒေါ်လာလေးသန်းဝန်းကျင် ရှိပြီး စင်္ကာပူတွင် ဒေါ်လာ ၆ သန်းမှ ၁၂ သန်းအထိ ရှိ၍ မြန်မာနိုင်ငံတွင်မူ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းတခန်းလျှင် ဒေါ်လာနှင့် တွက်ချက်ပါက ဒေါ်လာလေးသိန်း ၀န်းကျင်သာ ရှိကြောင်း ဒေါက်တာ ကျော်လတ်မှနှိုင်းယှဉ်ပြောကြား သည်။

၎င်းက“ မြန်မာနိုင်ငံမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသား တွေအတွက် ၀ယ်ခွင့် ပြုလိုက်ရင် ဟိုဘက်နိုင်ငံတွေနဲ့ စျေးကွာဟမှုတွေ ရှိနေတဲ့အတွက် စျေးကစားမှုတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒါကြောင့် ရေးဆွဲထားတဲ့ လွှတ်တော်ကို တင်သွင်းမယ့် ကွန်ဒိုမီနီယမ်ဥပဒေမှာ ဆဌမထပ်နဲ့ အထက်ရှိတဲ့အခန်းတွေကိုပဲ နိုင်ငံခြားသားတွေကို ရောင်းချခွင့်၊ လဲလှယ်ခွင့်နဲ့ ပေးကမ်းခွင့် တို့ကို ရေးဆွဲထားတာပါ”ဟု ရှင်းပြသည်။

ရေးဆွဲ ပြဋ္ဌာန်းမည့် ကွန်ဒိုမီနီယမ် ဥပဒေမူကြမ်းနှင့် ပတ်သတ်ပြီး အိမ်ခြံမြေ အကျိူးဆောင် အချို့က ယင်း ဥပဒေအား ခွင့်ပြုလိုက်ပါက နိုင်ငံခြားသားများ စျေးကစားနိုင်သည့် အဆင့်မြင့် ကွန်ဒိုမှာ မြန်မာနိုင်ငံ၌ နည်းပါးနေသေးကြောင်း သုံးသပ်ကြသည်။