စစ်တပ်သိမ်း ရသေ့တောင် ပေါင်းဇား ပုဇွန်ကန် မြေဧရိယာများကို တိုင်းတာ

စစ်တပ်သိမ်း ရသေ့တောင် ပေါင်းဇား ပုဇွန်ကန် မြေဧရိယာများကို တိုင်းတာ
by -
နိရဥ္စရာ

အနောက်ပိုင်းတိုင်း စစ်ဌာချုပ်က သိမ်းယူထားသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပေါင်းဇားကျေးရွာမှ ပုဇွန်ကန်နှင့် လယ်မြေများကို မြေစာရင်း ဦးစီးဌာနမှ ယမန်နေ့က စပြီး ကွင်းဆင်း တိုင်းတာ စစ်ဆေး နေသည်ဟု သတင်း ရရှိသည်။

 စစ်တပ်က တပ်သားမိသားစု ရံပုံငွေ အတွက် အကြောင်းပြကာ လယ်မြေမြောက်များစွာကို ရခိုင်တွင် သိမ်းဆည်းထားသည်။

ယခု စစ်ဆေးနေသော ပုဇွန်ကန်များနှင့် လယ်ယာမြေများမှာ အနောက်ပိုင်းတိုင်းက မြေလွတ် မြေရိုင်းများဟု ဆိုကာ လယ်သမားများထံမှ သိမ်းယူထားသော မြေများ ဖြစ်သည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က မြေလွတ်မြေရိုင်းများဟု ဆိုကာ သိမ်းယူထားသော မြေဧက စုစုပေါင်း ဧက ရ၄၀ သာ ဖြစ်သော်လည်း အောက်ခြေ တပ်အရာရှိများက (၂) ဆခန့် ပိုပြီး သိမ်းယူကာ စီးပွားရေး သမားများကို နှစ်စဉ် ငှားစားနေသဖြင့် အဆိုပါ မြေနှင့် ပတ်သက်ပြီး စစ်တပ်နှင့် လယ်သမားများ အကြားတွင် ပြဿနာ ပေါ်ပေါက်နေသည်။

“သိမ်းထားတာက ဧက ၁၈၀၀ ကျော်တယ်။ အခု ကြားတာက စစ်တပ်က သိမ်းထားတဲ့ မြေဧက ရ၄၀ ကို တိုင်းတာပြီး စစ်တပ် အတွက် ချန်ထားမယ်။ ကျန်တဲ့ မြေတွေကို အနီးအနား ကျေးရွာတွေက လယ်သမား တွေကို ပြန်လည် ခွဲဝေပေးမယ်လို့ သတင်း ရတယ်။ ဒါပေမယ့် လက်တွေ့မှာ ခွဲဝေ ပေးတာတော့ မရှိသေးပါဘူး” ဟု ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦးလှမြင့်က ပြောသည်။

အဆိုပါ လယ်မြေဧက ၁၈၀၀ ကို အနောက်ပိုင်းတိုင်းမှ သိမ်းယူထားသည်မှာ ၁၉၉၄ ခုနှစ်ကတည်းက ဖြစ်ပြီး ပိုင်ဆိိုင်သူများမှာ ပေါင်းဇား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ပိုးရီပြင် ကျေးရွာများမှ လယ်သမားများ ဖြစ်ကြသည်။

“ပြည်နယ် လွှတ်တော်မှာ ပေါင်းဇားက လယ်မြေတွေနဲ့ ပုဇွန်ကန်တွေ ကိစ္စ ကျွန်တော်တို့ တင်ပြတော့ ဇန္နဝါရီလ ၄ ရက်နေ့မှာ နောက်ဆုံးထားပြီး စစ်ဆေးပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် အခုမှ စစ်ဆေးတယ်။ အဲဒီမှာ လယ်ဧက ၁၈၀၀ အသိမ်းခံထားရတယ်။ စာရင်းအရ စစ်တပ်က သိမ်းထားတာ ဧက ရ၄၀ ဘဲရှိတယ်။ ဒါကြောင့် ပိုနေတဲ့ မြေတွေကို လယ်သမားတွေကို ပြန်ပေးဖို့ အဆိုတင်ထားတယ်။ ဒီအဆိုအရ လယ်သမားတွေကို ပိုနေတဲ့ မြေတွေကို ပြန်ပေးမယ်လို့ ဆိုတယ်” ဟု ရသေ့တောင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။

စာရင်းအရ စစ်တပ်က သိမ်းထားသည်မှာ ရ၄၀ သာ ဖြစ်သော်လည်း လယ်မြေဧက ၁၈၀၀ ထိ တိုးချဲ့ သိမ်းယူထားသဖြင့် မကျေနပ်သော လယ်သမားများက ယမန်နှစ် မိုးရာသီက အဆိုပါ မြေများတွင် လယ်တက်ရောက် ထွန်ယက် စိုက်ပျိုးရာ စစ်တပ်ထံမှ အဆိုပါ မြေများကို လေလံဆွဲ လုပ်ကိုင်နေသူ ရသေ့တောင်မြို့မှ စီးပွားရေး သမား ဦးစောအောင်သိန်းက လယ်သမား ၂၆ ဦးကို ပိုင်နက်ကျူးလွန်မူ၊ သူတပါးပိုင်မြေကို ဖျက်ဆီးမူ စသည့် စွဲချက် အများအပြားဖြင့် တရားစွဲဆိုခဲ့သည်။

“အမူက အခုအချိန် မပြတ်သေးဘူး။ လယ်သမားတွေ ရုံးတက်နေရတုန်း ဖြစ်တယ်။ အမူကို ပြည်နယ်က လွှဲပြောင်းပြီး ယူသွားခဲ့တယ်။ အခု ကြားတာက မြို့နယ်ကို ပြန်ချပေးတယ်လို့ ကြားတယ်။ လယ်သမားတွေ  ကတော့ အလုပ်ပျက် အကိုင်ပျက် ဖြစ်ပြီး ရုံးတက်နေရပါတယ်” ဟု ဦးလှမြင့်က ပြောသည်။

အဆိုပါ မြေများကို  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက်  စစ်တပ်က ကျပ် သိန်း (၆၀) ဖြင့် ဦးစောအောင်သိန်းအား ယခု တဖန် လေလံ ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မူရင်း ပိုင်ရှင် လယ်သမားများမှ အဆိုပါ မြေများကို သိန်း (၆၀) ပေး၍ စစ်တပ်ထံမှ လေလံဆွဲ ယူလိုသော် လည်း စစ်တပ် အရာရှိများက လယ်သမားများ အနေဖြင့် ဆင်းရဲသဖြင့် ငွေပေးနိုင်မည် မဟုတ်ဟုဆိုကာ လေလံ ပေးရန် တောင်းဆိုမူကို ပယ်ချခဲ့သည်ဟု သိရသည်။

Most read this week