မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွား နေသော်လည်း နိုင်ငံတော် သမ္မတအား ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက် ပေးအပ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သည့်အပေါ် ပညာရေး ကဏ္ဍ တွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးက မဇ္စျိမအား ပြောဆိုသည်။
၎င်းက “နိုင်ငံရေးက နိုင်ငံရေး နဲ့ပဲ သက်ဆိုင် ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီ အခြေအနေ တွေက ဒီဂုဏ် ထူးဆောင် ဆုတံ ဆိပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူးလို့ကျွန်မ မြင်တယ်၊ ကျွန်မ တို့ အခုလို ဆုတံဆိပ် ပေးအပ် တာကလည်း ပညာရေး ကဏ္ဍနဲ့ပဲ တွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု မဇ္စျိမအား ပြောသည်။
စီမံ ခန့်ခွဲမှု နည်းပညာ (Honorary Doctor of Philosophy in Technology Management) ခေါ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သမ္မတ အိမ်တော်၌ ဇန်နဝါရီလ ၂၃ နေ့ ညနေငါးနာရီ အချိန်က သမ္မတ ဦးသိန်းစိန်အား ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။
( Bansomdej chaopraya Rajabhat University - BSRU) တက္ကသိုလ်မှ အဓိပတိ ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ် အကြံပေး အဖွဲ့ဝင် ကိုယ်စားလှယ် (၉) ဦးအား တက္ကသိုလ် တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်းမှ ဦးဆောင်ကာ နေပြည်တော်ရှိ သမ္မတ အိမ်တော် သဘင် ဆောင်၌ ပေးအပ် ခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် က မိမိအား ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ခြင်းသည် မိမိတို့ နိုင်ငံနှင့် ပြည်သူ များ၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးနှင့် ဖွ့ံဖြိုး တိုးတက်ရေး ကြိုးပမ်း အားထုတ် မှုများ အပေါ် အသိအမှတ် ပြုမှု တစ်ရပ် အဖြစ် ခံယူကြောင်း ဆုပေးအပ်ပွဲ အခမ်း အနားတွင် ပြောခဲ့သည် ဟုသမ္မတရုံး ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ ထိုင်း မြန်မာ နှစ်နိုင်ငံကြား ပညာရေး ကဏ္ဍ ပူးပေါင်း လုပ်ဆောင်မှု မြင့်မား စေရန် မြန်မာ တက္ကသိုလ်နှင့် မိမိတို့ တက္ကသိုလ် များအကြား ပညာ သင်ကြားမှု ဖလှယ်ရေး အစီအစဉ် သဘောတူ စာချူပ်များ ဆက်လက် ချုပ်ဆို သွားရန် ရှိကြောင်း အဆိုပါ ဘုတ်အဖွဲ့ လက်ထောက် အတွင်း ရေးမှူးမစ္စစ် ဝလင်းလက်စ်က မဇ္စျိမအား ပြောသည်။
“အနာဂါတ်မှာ အာဆီယံ နိုင်ငံတွေ အကြား ကူးလူး ဆက်သွယ်မှု ကောင်းမွန် လာရင်၊ တစ်နိုင်ငံနဲ့ တစ်နိုင် ငံကြား ဘာသာ စကား ဖလှယ် သင်ကြား မှုတွေ ရှိလာမယ်၊ ဒါ့ပြင်ကို ပညာရေး ကဏ္ဍနဲ့ ပတ်သက် ပြီးတော့ မြန်မာနိုင်ငံနဲ့ ကျွန်မတို့ တက္ကသိုလ် ကြားမှာလည်း MOU စာချုပ်တွေ ဆက်လက် ချုပ်ဆို ကြဖို့ ရှိပါတယ်၊ ချုပ်ဆို နိုင်မယ် လို့လည်း မျှော်လင့် ပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် တက္ကသိုလ် အနေနှင့် ယခု ဘွဲ့တံဆိပ်ကို အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးမှ နိုင်ငံဥသျှောင်
ခေါင်းဆောင်များအား ပေးအပ် ခဲ့ပြီးဖြစ်သလို မြန်မာနိုင်ငံအား အာဆီယံ နိုင်ငံ အတွင်း နောက်ဆုံး ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်အား အဆိုပါဆု ပေးအပ်နိုင်ရန် ဗန်ကောက် မြန်မာသံရုံးမှ တဆင့် ၂၀၁၂ ခုနှစ်ဆန်းပိုင်း ခန့်က စတင်ဆက်သွယ် ခဲ့သော်လည်း ဒီဇင်ဘာလ မှသာ သမ္မတမှ လက်ခံရန် အကြောင်းပြန်ခဲ့သဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် ပေးအပ် နိုင်ခဲ့သည်။