ဖားကန့် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်နေရ

ဖားကန့် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်နေရ
by -
မဇ္စျိမ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့များနှင့် မြန်မာအစိုးရ တပ်တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်း ရှောင် နေရသည်ဟု KIO နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

“သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုုင်ဇာရှိ ဒုုက္ခသည် စခန်းတခုုအနီး စစ်ဘေးရှောင် ဒုုက္ခသည်များကိုု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံု - ဂျွန်စံလင်း၊ မဇ္စျိမ)

 

သမ္မတ ဦးသိန်းစိန် ညွန်ကြားခဲ့ပြီးနောက် ယမန်နေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယနေ့ နံနက်ပိုင်းတွင်  ဖားကန့်မြို့နယ် ဂင်စီကျေးရွာ အရှေ့ဘက်မှာ KIA တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များအကြား တနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဂင်စီရွာနဲ့ အနီးမှာ မနက် ၈ နာရီမှ ၉ နာရီမှ ဖြစ်တယ်။ အစိုးရဘက်က တပ်ရင်း ၂၄၂ က အင်အား ရ၀ လောက်ရှိမယ်။ သူတို့က ကျနော်တို့နေတဲ့ နေရာကို ထိုးစစ်လာပြီး လိုက်တိုက်နေတာပါ။ အကျအဆုံးတော့ မရှိဘူး” ဟု တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက မဇ္စျိမကို ပြောသည်။

တိုက်ပွဲများကြောင့် ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ဖားကန့်၊ ဂင်စီ၊ လုံးခင်း၊ ဆိုင်းတောင်ရှိ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများသို့ ကျေးရွာ ၁၆ ရွာတို့မှ စာရင်းရရှိသော စစ်ပြေး ဒုက္ခသည်ပေါင်း ၈,၀၀၀ ကျော်ရှိနေပြီး အခြား စာရင်းမရရှိသော စစ်ပြေး ဒုက္ခသည် ဦးရေ ၄ သောင်းကျော်ရှိနေပြီ ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

အလားတူ အောင်ရာကျေးရွာမှ ၂ မိုင်အကွာရှိ လောတ်ဂျာကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီ ကျော်မှ မွန်းလွဲ တနာရီအချိန်ခန့်အထိ နှစ်ဖက် စစ်တပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ဒုက္ခသည် ဦးရေ ၃၀၀ ကျော်သည် အောင်ရာကျေးရွာမှ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများသို့ ခိုလှုံနေရသည်ဟု NDF ပါတီမှ ကချင်ပြည်နယ် တာဝန်ခံဒေါ်ဘောက်ဂျာက ပြောသည်။

“သမ္မတ ဆီက အပစ်ရပ်လိုက်တယ်ဆိုလို့ ကျမတို့ကလည်း ငြိမ်သွားမယ်လို့ အောက်မေ့တာ ခုတိုက်ပွဲက ပိုဆိုးလာတယ်။ ကျမတို့ ပတ်ဝန်းကျင်မှာ နေ့တိုင်းကြားရတယ်။ အခု ဒီနေ့ကျတော့ ရွာနဲ့ သိပ်မဝေးတဲ့ လောတ်ဂျာရွာမှာ တိုက်ပွဲ ဖြစ်တယ်။ ရွာသူရွာသားတွေက မနေ့ကတည်းက ထွက်ပြေးနေတာ ဒီနေ့ ခုချိန်ထိ ထွက်ပြေးနေတုန်းဘဲ” ဟုသူက ဆက်ပြောသည်။

ဒေါ်ဘောက်ဂျာသည် ယုဇန ကုမ္ပဏီမှ ဒေသခံ ရွာသားများထံမှ လယ်မြေများ သိမ်းယူခြင်း ခံရသော အောင်ရာကျေးရွာရှိ နေအိမ်တွင် ရှိနေပြီး အစိုးရစစ်တပ်မှ ထိုးစစ်ဆင်လာမှုအား ကိုယ်တိုင် တွေ့ရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးလာသူ လူဦးရေ ၁၀၀ ခန့်ကို သူ့၏ နေအိမ်တွင် ခိုလှုံခွင့် ပြုထားသည်ဟု သူက မဇ္စျိမကို ပြောသည်။

“ဒီမနက် ၄ နာရီလောက်မှာ ခွေးတအားဟောင်လို့ ကျမ ထကြည့်တော့ ကျမတို့ ကားလမ်းမကနေ အဲဒီဘက်ခြမ်းကို သွားနေတာ တွေ့ရတယ်။ အင်အားက ၃၀၊ ၄၀ လောက်ရှိမယ် ထင်တယ်။ ဘယ်ဘက်ကို သွားမှန်း မသိဘူး။ ဒီမနက် ၁၀ နာရီ လောက်မှာ သေနပ်သံတွေ ကြားရတယ်။ အဲဒီအခါကျတော့ အဲဒီအနားမှာရှိတဲ့ ရွာသားတွေ ထွက်ပြေး လာကြတယ်” ဟု ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

ယင်းဒေသအတွင်းသို့ အစိုးရ စစ်တပ်များ ၀င်ရောက်လာမည်ဖြစ်၍ KIA တပ်များ ရှောင်ပေးရန် ဒေသခံ လောတ်အောင် ကျေးရွားသားများမှတဆင့် ပြောဆိုခိုင်းခဲ့ကြောင်း သတင်းများ ကြားရသဖြင့် ယမန်နေ့မှ စတင်၍ ရွာသားများ စတင်တိမ်းရှောင်ခဲ့သည်ဟု ဆိုသည်။

အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်လာမှုကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် လဂျားယန်ဒေသအား ထိုးစစ်မဆင်ရန် ကြေငြာရုံမက ကချင်ပြည်နယ်အတွင်း ရောက်ရှိနေသော အစိုးရ စစ်ကြောင်းများ ဆုတ်ခွာပေးဖို့ ကြေငြာပေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဂျာက တိုက်တွန်းလိုက်သည်။

“အစိုးရဘက်က ထိုးစစ်ဆင်တယ်ဆိုတာ ကျမတို့ ကိုယ်တိုင် မြင်နေရတယ်။ သူတို့ ထိုးစစ်မဆင်လာဘူးဆိုရင် စစ်ပွဲဖြစ်စရာ မလိုဘူး။ သမ္မတက အပစ်ရပ်မယ်လို့ အကြိမ်ကြိမ်ပြောခဲ့့တယ်။ ဒါပေမဲ ့တခါမှ ကတိမတည်ဘူး။ သမ္မတ အနေနဲ့ ဒီလိုလုပ်ဆောင်နေတာဟာ အင်မတန်မှ ရှက်ဖွယ်ကောင်းတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ အောင်ဂျာကျေးရွာအတွင်း စစ်ပြေးဒုက္ခသည် ၃၀၀ ကျော်ရောက်ရှိနေပြီး ဖားကန့်မြို့ပေါ်တွင်လည်း စစ်ပြေးဒုက္ခသည် အနည်းဆုံး ၄ သောင်းကျော်ရှိနေပြီဟု သိရကြောင်း သူက ပြောသည်။

KIO ၏ လိုင်ဇာဌာနချုပ်အနီး ယနေ့ နံနက် ၁၀ နာရီကျော်မှစတင်၍ လိုင်ဇာမြို့ အထက်ဖက် ၅ မိုင်အကွာရှိ အလန်းဘွမ် အပါအဝင် ၄င်း၏ တဖက်တောင်တန်းများနှင့် KIO ၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စခန်း ခါရာဘွမ်တောင်ခြေအနီးတဝိုက် အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေသည်ဟုကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“ဒီမနက်ပိုင်းတော့ ငြိမ်နေပြီးတော့ အခု ၁၀ နာရီ ၁၅ လောက်မှာ အလန်းဘွမ်နဲ့ ခရာဘွမ်ဘက်ကို စပစ်နေပြီ။ မနေ့ကလည်း ညနေပိုင်းထိ ခရာဘက် တိုက်ပွဲဖြစ်တယ်။ သူတို့ တက်ထိုးနေတဲ့  လိုင်ဇာအထက်က အလန်းဘွမ်နဲ့ ခရာဘွမ်ကို လက်နက်ကြီးနဲ့ လှမ်းပသစ်နေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ KIO ၏ ခရာဘွမ်တောင်ခြေတွင် မြန်မာအစိုးရ စစ်တပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ရက်သတ္တပတ်ကြာမြင့်ပြီ ဖြစ်ပြီး ထိုစခန်းအား သိမ်းယူရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းမှာ ထိုတောင်ခြေတွင် အစိုးရစစ်တပ်များ ချဉ်းကပ် တိုက်ခိုက် နေခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

လိုင်ဇာကို သိမ်းယူမည် မဟုတ်ကြောင်း ပြောဆိုနေသော်လည်း လိုင်ဇာမြို့ အထက်ပိုင်းရှိ အလန်းဘွမ်နှင့် ခရာဘွမ်အား သိမ်းယူရန် ကြိုးစားနေသည်ဟု ဗိုလ်မှူးမင်းဌေးက ပြောသည်။

သမ္မတ ဦးသိန်းစိန်က KIO ထိန်းချုပ်ရာ လဂျားယန်ဒေသသို့ ထိုးစစ်ဆင်မှုများ စနေနေ့မှ စတင် ရပ်တန့်မည် ဟု ညွန်ကြားခဲ့သော်လည်း ထိုနေ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွား၍ အစိုးရဘက်မှ လက်နက်ငယ် ၃၀ ကျော် သိမ်းယူခဲ့သဖြင့် အစိုးရဘက်မှ ကျဆုံးမှု များမည်ဟု ခန့်မှန်းရကြောင်း၎င်းက ဆိုသည်။