အရပ်သား နေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိူးဖောက်ရာရောက်

အရပ်သား နေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိူးဖောက်ရာရောက်
by -
မဇ္စျိမ

လိုင်ဇာမြို့ လူနေရပ်ကွက်များအတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးရခြင်းသည် စစ်ဥပဒေ ချိုးဖောက်ရာ ရောက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ကြေငြာချက်ထုတ် ဝေဖန်ခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ၁၅၀ မမ တာဝေပစ် ဟော်ဝစ်ဇာ အမြောက် လက်နက်ကြီးကြောင့် ခရစ်ယာန် သင်းအုပ် ဆရာတော်တစ်ပါး၊ အသက် ၄၆ နှစ် စစ်ပြေး ဒုက္ခသည် ယောကျ်ား တစ်ဦးနှင့် ၁၄ နှစ်သား ယောကျ်ားလေးတစ်ဦးတို့ သေဆုံးခဲ့ရပြီး အချို့ ဒဏ်ရာရခဲ့သည့်အပေါ် ရည်ရွယ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံ တကာက သတ်မှတ် ထားတဲ့ စစ်ဥပဒေ တွေမှာတော့ စစ်ဆင် ရေးမှာ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်မယ့်နေရာ အတိအကျကို ဒီဂရီ အသေအချာ ချိန်ပြီးမှ ပစ်ရ ပါတယ်၊ ပြည်သူ လူထု ထိခိုက်မှု လုံးဝ မရှိစေတဲ့ ပစ်ခတ်မှု ပုံစံမျိုးနဲ့ ပစ်ရပါတယ်၊ အစောပိုင်း မှာတော့ အစိုးရဘက်က ဒီလို ပစ်ခတ်မှုဟာ သူတို့ ပစ်ခတ်မှု မဟုတ်ပါဘူးလို့ ထုတ်ဖော် ငြင်းဆိုခဲ့တာလည်း ရှိပါတယ်၊ ဒါဟာ အစိုးရဘက်က စစ်ဥပဒေတွေနဲ့ လူသားခြင်း စာနာမှု နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလေးစားဘူး ဆိုတာ ပြနေတာပဲ” ဟု လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှ ဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္စျိမအား ပြောသည်။

လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် အပစ်မဲ့ အရပ်သား ပြည်သူများ သေဆုံးရခြင်းသည်နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေ နှင့် စစ်ဥပဒေ အရ အရေး တကြီး စုံစမ်း လေ့လာရန် လိုသည့် မေးခွန်းကြီး တစ်ခု ဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲများ အတွင်း၌ အစိုး တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် တို့ နှစ်ဖက် စလုံး မှလည်း မိမိတို့ လက်နက်ကိုင် တပ်တွင်း၌ ကလေး စစ်သားများ အသုံးပြုမှု ရှိခဲ့ကာ လူသတ် မြေမြုပ် မိုင်း (Anti-Personnel Mine) များကို အသုံးပြု နေကြောင်း ကိုလည်း ထောက်ပြ ပြောဆိုထားသည်။

မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် အနေနှင့် ၄င်း၏ စစ်တပ် တပ်မှူး များအား စစ်ဥပဒေ များကို လေးစား လိုက်နာ ရန်နှင့် အရပ်သား များအပေါ် ဥပဒေမဲ့ တိုက်ခိုက် ခြင်းမျိုးကို ရပ်တန့်ပေးနိုင်ရန် အတွက် အမိန့်ပေးသင့်ကြောင်း ကိုလည်း ထုတ်ပြန် ချက်၌ ဆိုထား သည်။

“အစိုးရ အနေနဲ့ အရပ်သား ပစ်မှတ် တွေကို တိုက်ခိုက် နေခြင်းတွေ၊ ကလေးစစ်သား ဆက်လက် အသုံးပြုနေမှုတွေ ရပ်တန့်သင့်သလို ကချင် တပ်ဘက်လည်း မြေမြုပ် မိုင်းတွေ ဖယ်ရှားပြီး ကလေး စစ်သားတွေ ကိုလည်း ဆက်လက် အသုံးမပြု သင့်ပါဘူး” ဟု Phil Robertson မှ ဆက်ပြောသည်။

အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ နှစ်ဖက် စလုံး လိုင်ဇာ မြို့တွင်းနှင့် အနီး တဝိုက်နေ စစ်ပြေး ဒုက္ခသည် ထောင်ပေါင်း များစွာ တို့၏ အန္တရာယ် ကင်းရှင်း စေရေး အတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ကြရန် ကိုလည်း ကြေငြာချက် အတွင်း တိုက်တွန်း ထုတ်ပြန်ထားသည်။

 “အရပ်သား အစိုးရ တစ်ရပ် အနေနဲ့ စစ်တပ်ကို တိုက်ခိုက်မှု ရပ်တန့်အောင် အမိန့်ပေးနိုင်တဲ့ အာဏာ သမ္မတမှာ ရှိပါတယ်၊ သမ္မတ ကလည်း တိုက်ခိုက် မှုတွေ ရပ်ပါလို့ အမိန့် ပေးချက်တွေ ရှိပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ် နေခြင်း ဟာလည်း အရမ်းကို မေးခွန်း ထုတ်စရာ ကောင်းပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန် ရှိပါလဲ လို့လည်း ကျွန်တော်မေးချင်ပါတယ်” ဟု လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ Phil Roberson မှ မဇ္စျိမအား ပြောသည်။

KIO ထိန်းချုပ် ဧရိယာ အတွင်းတွင် ဒုက္ခသည်ပေါင်း ၁၅,၀၀၀ တို့ ခိုလှုံ နေထိုင်လျက် ရှိကာ လိုင်ဇာ မြို့တွင်း၌ မြို့နေ ပြည်သူ ၂၀,၀၀၀ တို့ နေထိုင်လျက် ရှိကြောင်း ကချင် လူမှု အဖွဲ့ အစည်း များနှင့် လိုင်ဇာ ဒေသခံ များမှပြောသည်။

ပြည်နယ် တစ်ခုလုံး အတိုင်း အတာဖြင့်မူ ကချင် ပြည်နယ်၌ စစ်ပြေး ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်း စာရင်း များက ဖော်ပြ ကြပါသည်။

ထို့ကြောင့်လည်း ကာလ ကြာရှည် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွား ခဲ့ရ သဖြင့် စစ်ပြေး ဒုက္ခသည် များအတွက် အရေးတကြီး လိုအပ်လျက် ရှိသည့် လူသားချင်း စာနာမှု အကူအညီ များအား မြန်မာ အစိုးရ အနေဖြင့် အစဉ် တစိုက် ငြင်းပယ် ခဲ့သည့် အပေါ်လည်း နိုင်ငံတကာ အဖွဲ့အစည်း များမှ စစ်ပြေး ဒုက္ခ သည်များသို့ လူသားချင်း စာနာမှု အကူအညီ ပေးအပ် နိုင်ရေး အတွက် ကိုလည်း ခွင့်ပြု စေလို ကြောင်းလည်း တိုက်တွန်း ထုတ်ပြန်ထားသည်။