မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းကြရန်အတွက် မြန်မာအစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တို့အား တရုတ်အစိုးရက တောင်းဆိုလိုက်သည်။
ကြာသပတေးနေ့က ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က မြန်မာပြည်စစ်ပွဲများကြောင့် တရုတ်နယ်မြေတွင်း မီတာ ၅၀၀ အကွာတွင် အင်္ဂါနေ့က ဗုံးတလုံး ကျရောက်ခဲ့ကြောင်း အတည်ပြုပြောဆိုလိုက်ပြီး တစုံတရာ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ပြောဆိုသည်။
ထိုဗုံးမှာ တရုတ်နိုင်ငံအတွင်း ကျရောက်ခဲ့သည့် မြန်မာပြည်မှ စတုတ္ထမြောက် ဗုံးဖြစ်ပြီး ယခင် သုံးလုံးမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်ကြောင်းနှင့် မနှစ်မြို့ကြောင်း ပြသရန်အတွက် မြန်မာနိုင်ငံသို့ အရေးပေါ် ကိုယ်စားလှယ် စေလွှတ်ထားကြောင်း မစ္စတာ ဟောင်လေအား ကိုးကား၍ ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။
ထိုသို့ နယ်ကျူး ဗုံးကျမှုများအား မြန်မာအစိုးရက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန်နှင့် နောက်နောင် ထိုသို့မဖြစ်ရန်အတွက် လိုအပ်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန်လည်း တရုတ်က တောင်းဆိုလိုက်သည်။
“အစွမ်းကုန် သည်းခံမှု” ကို ကျင့်သုံးကြရန်၊ ပြဿနာများကို ဆွေးနွေးဖြေရှင်းကြရန်နှင့် တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် တည်ငြိမ်မှုကို ထိရောက်စွာ ထိန်းသိမ်းကြရန် စစ်မက်ဖြစ်ပွားနေသည့် နှစ်ဘက်လုံးအား တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဟောင်လေ က တိုက်တွန်းလိုက်သည်။