ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီ ကျောက်ဖြူတွင် ဖွဲ့စည်း

ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီ ကျောက်ဖြူတွင် ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဒေသခံ ကုမ္ပဏီပိုင်ရှင်များ စုပေါင်းပြီး ရခိုင် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းလီမီတက် အမည်ဖြင့် အများပိုင် ကုမ္ပဏီတခုကို ပဏာမ ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။

ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး လျှပ်စစ် လုပ်ငန်းပိုင်ရှင် တစ်ဦးဖြစ်သူ ကိုဗလကြီးကနိရဥ္စရာ သို့ ပြောသည်။

“ကျွန်တော်တို့ ကျောက်ဖြူမှာ နောက်ထပ်ပေါ်လာမယ့် Special Economic Zone ဆိုတဲ့ အလုပ်ထဲမှာ ၀င်ရောက်ပြီးတော့ ဒေသခံတွေ ၀င်ရောက် လုပ်ကိုင်နိုင်ဖို့ အတွက် ဒေသခံတွေ အနေနဲ့ အများပိုင်ကုမ္ပဏီ တခု ဖွဲ့တာ ဖြစ်ပါတယ်။”

ယခုဖွဲ့စည်းလိုက်သော ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းလီမီတက်တွင် ဦးငြိမ်းချမ်းမောင်၊ ဦးအောင်ဘစော (ကျောက်ဖြူ သူဌေး)၊ ကိုခင်မောင်ချို (လုပ်ငန်းပိုင်ရှင်)၊ ကိုဗလကြီး (လျှပ်စစ်လုပ်ငန်းရှင်)၊ ကို၀င်းဌေး (ရေသန့် လုပ်ငန်း ရှင်)နှင့် တခြားလုပ်ငန်းရှင် စုစုပေါင်း ရ ဦးဖြင့် ပဏာမ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ကျပ်ငွေ သိန်း ၁၀၀ စီ မတည် ထည့်ဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ အများပိုင် ကုမ္ပဏီတခုကို ပဏာမ ဖွဲ့စည်းနိုင်ခြင်းသည် ဒေသခံများအတွက် ဆင်းရဲတွင်းက လွတ်မြောက်ရန် ထွက်ပေါက်တခု ဖြစ်လာရေးကို မျှော်လင့်သည်ဟု ကျောက်ဖြူ Social Network  တာဝန်ခံ ကိုထွန်းလွင်က ပြောသည်။

“ကျွန်တော်တို့ ဒေသမှာ ဒီလို ကုမ္ပဏီတွေ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ စက်မှုဇုံဖြစ်လာတဲ့အခါမှာ အလုပ်ဖြစ်ဖို့ များပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ လူတွေက အကျိုးအမြတ်ရရှိ ရေးအတွက် ဒေသခံတွေကို ခုတုံးမလုပ်ဖို့က အရေးကြီးပါတယ်။ ဒေသခံတွေအတွက် အမှန်တကယ် အကျိုးရှိဖြစ်စေတဲ့ ကုမ္ပဏီဆိုရင် လက်ခံရမှာ ဖြစ်သလို  စက်မှုဇုံလုပ်လို့  ဒေသခံတွေအတွက်အကျိုးရှိပေ မယ့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ မကြိုးစားတဲ့ အများပိုင်ကုမ္ပဏီဆိုရင် စောင့်ကြည့်ဖို့ လိုပါမယ်။ စိုးရိမ်ရတဲ့အကြောင်းက နိုင်ငံမှာက ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ အတွက် စိုးရိမ်ရတာ ဖြစ်ပါတယ်။”

ရန်ကုန်ရောက် ရခိုင်များကလည်း ရခိုင်ဒေသ အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက ပြည်သူ လူထုတွေ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့်  “ ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမီ တက်”  နာမည်နဲ့ အများပိုင် ကုမ္ပဏီတခုကို ဖွဲ့စည်းထားရာ ယခုအခါ မှတ်ပုံတင်ကျပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တရားဝင်ဖွဲ့စည်းထားသော “ ရခိုင် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမီတက်” အများပိုင်ကုမ္ပဏီမှ လာမည့် ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ကျောက်ဖြူမြို့၌ ယာယီဖွဲ့စည်းထားသော အဖွဲ့နှင့် ပူးပေါင်းကာ ရခိုင်ပြည်သူများ သိရှိစေရန် အဖွဲ့၏ပေါ်လစီများကို ချပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သော ဒီဇင်္ဘာလ ၂၃ ရက်နေ့က ကျောက်ဖြူမြို့ ဦးငြိမ်းချမ်းမောင် ပိုင်ဆိုင်သော ဗာရာဏသီ ဟိုတယ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းမှ ထိုကဲ့သို့ အဖွဲ့မျိုး တည်ထောင်ရန် ပြောကြားခဲ့သည်ဟု သိရသည်။ သို့အတွက် ဦးငြိမ်းချမ်းမောင်မှ ဦးစီးပြီး ကျောက်ဖြူ ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီ လီမီတက် ကိုဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

Most read this week