လက်ပံတောင်းတောင် ဒဏ်ရာရ ကိုရင်တပါး မကြာမီ ထိုင်းဆေးရုံမှ ဆင်းနိုင်မည်

လက်ပံတောင်းတောင် ဒဏ်ရာရ ကိုရင်တပါး မကြာမီ ထိုင်းဆေးရုံမှ ဆင်းနိုင်မည်
by -
မဇ္စျိမ

လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ ပြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည့် သံဃာတော်  ရှင်သဇ္ဇန သည် ဇန်နဝါရီ လကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည် ဖြစ်ကြောင်း ဆေးကုသရာ သို့အတူလိုက် ပါလာသည့် ဦးတေဇာသာရ က မိန့်သည်။

“ကိုရင်က ပျောက်တော့မှာ။ လမ်းလျှောက်လို့ ရနေပြီ။ အခု ကုသမှုပိုင်းမှာ ပိုးသတ်ဆေးနဲ့ သောက်ဆေး လောက်ပဲ တိုက်တော့တယ်။ အရေပြား အစားထိုးထားတာကို တပတ်လောက် စောင့်ကြည့်ဖို့လောက်နဲ့ လေ့ကျင့်ခန်းလောက်ပဲ ကျန်တော့တယ်” ဟု  ဦးတေဇောသာရ က မိန့်သည်။

ထိုင်း အစိုးရ ဆေးရုံ (Royal Thai Army Hospital) မှ တာဝန်ရှိသူများက ရက်ပိုင်းအတွင်း ဆေးရုံမှ ဆင်းနိုင်
တော့မည်ဟု ယခင်က ပြောကြားခဲ့သော်လည်း အစားထိုး ခွဲစိတ်ကုသထားသည့် အခြေအနေကိုစောင့်ကြည့် ရန် နှင့် လေ့ကျင့်ခန်းများ လုပ်နိုင်ရန်အတွက် လကုန်ပိုင်းထိ ဆေးရုံတွင်ဆက်လက်နေ စေလိုကြောင်း ပြောကြားသည်ဟု ဆိုသည်။

လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ သံဃာများအနက် အသက် ၁၄ နှစ်ရှိ ရှင်သဇ္ဇနသည် ထိုင်းနိုင်ငံသို့ သွားရောက်ကုသသည့် ဒုတိယမြောက် သံဃာတပါး ဖြစ်သည်။ ယခင်က ရန်ကုန် အရေပြား အထူးကု ဆေးရုံတွင် တက်ရောက်ကုသနေရာမှာ ခြေကျင်းဝတ်ဒဏ်ရာ မသက်သာသည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်  ဇန်နဝါရီ လဆန်းပိုင်းက ခြေကျင်းဝတ် အရေပြား အစားထိုးမှု ခံယူခဲ့ရသည်။

ထိုင်းနိုင်ငံ ဆေးရုံတွင် တက်ရောက်ကုသနေသည့် သံဃာတော်များအား အနီးကပ် ကြည့်ရှုနိုင်ရန်အတွက်
ဒေါက်တာ အေးမြင့်ထွန်းနှင့် အရှင်တေဇောသာရ တို့က ရှင်သဇ္ဇနနှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။
 
ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်သည့် သက်တော် ၆၄ နှစ်ရှိ ဦးတိက္ခဉာဏ ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံကြီးတွင် တက်ရောက်ကုသနေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းဘုရင့် တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ပြီး အရေပြားအစားထိုး ကုသရန် များစွာ ကျန်သေးကြောင်း ဆရာတော်၏ သားဖြစ်သူ ဒေါက်တာ နေသုခ က ပြောသည်။

“မီးလောင်ဒဏ်ရာ ပြင်းတဲ့နေရာတော့ ဘာမှ မလုပ်ရသေးဘူး။ အနာတွေ စိုလာလိုက် ခြောက်လာလိုက် အဲဒါပဲ
ခြောက်အောင် ပြန်လုပ်နေရတယ်။ ခြောက်သွားမှ နည်းနည်း အစားထိုး ကုလို့ရတာကို ကုသွားလိုက် အဲဒီလို နည်းနည်း လုပ်နေရတာ” ဟု ဒေါက်တာ နေသုခ က ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဦးတိက္ခဉာဏ၏ ဘယ်ဘက် လက်မောင်းအား အရေပြား အစားထိုး ကုသခဲ့ပြီး ကျန်ရှိနေသည့် ကျော၊ တင်ပါး၊ ညာဘက် ပေါင်၊ ညာဘက် လက်မောင်းနှင့် ဘယ်ဘက် ခြေထောက်များ
အနက် ယနေ့ မွန်းလွဲပိုင်းတွင် ညာဘက် လက်မောင်းနှင့် ဘယ်ဘက်ခြေတို့ကို အစားထိုး ကုသခဲ့သည်ဟု ဆိုသည်။

ဆရာတော် အနေဖြင့် ကျန်းမာရေး အခြေအနေ တိုးတက်လာသော်လည်း ဘယ်ဘက် လက်တဖက်သာ လှုပ်ရှားမှု ပြုနိုင်သေးကြောင်းနှင့် ဆေးရုံတွင် အနည်းဆုံး တလခွဲခန့် ဆက်လက်ကုသရဦးမည်ဖြစ်ကြောင်း လည်း ဒေါက်တာ နေသုခ က ပြောသည်။

ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည့် သံဃာတော်များအတွက် လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် က တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပြီး ဆေးကုသ စရိတ်အားလုံးကို အစိုးရက အကုန်အကျခံမည် ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်ရှိ ကြေးနီစီမံကိန်း ရပ်တန့်ရန် တောင်းဆို သပိတ်မှောက်သည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးသောက်ပိုင်းတွင် ရဲ တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခဲ့ရာ သံဃာ အပါး ၁၀၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင် ဒဏ်ရာ ရရှိခဲ့သည်။