ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးပေါ်ဒေသအတွင်း အမျိုးသမီးများ ဦးဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ခဲ့ရာ သုံးစွဲသူ ၂၈၂ ဦးနှင့် ရောင်းဝယ်သူ ၁၂ ဦးအား အရေးယူနိုင်ခဲ့ကြောင်း ဦးဆောင် ပါဝင်ခဲ့သူ ဆရာမ တဦးက ပြောသည်။
သြဂုတ်လမှ စတင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို 'မုံးပေါ်ဇုန် ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အသင်း' မှ ဒေသတွင်းရှိ နမ့်ခေါင်ကျေးရွာအုပ်စု လချပ်၊ မနောင်ကောင်း၊ ဖာလပ်၊ လုံဂျာ၊ ဒွန်ဒုကျေးရွာတို့မှ မူးယစ်ဆေးဝါး ရောင်းဝယ် သူများနှင့် သုံးစွဲသူများအား အရေးယူခဲ့သည်ဟုအဆိုပါ ဘာသာရေး ဆရာမက ပြောသည်။
“ခုတော့ အိမ်ရှေ့မှာလည်း ဘာပစ္စည်းပဲဖြစ်ဖြစ် ထားလို့ ရပြီ။ အရင်ကဆို ဘာပစ္စည်းမှ ထားလို့ မရဘူး။ စိတ်ဆင်းရဲ စရာတွေပဲ။ ခုတော့ မရှိသလောက်ပဲ။ ကျမတို့ဘက်ကတော့ တဝက်တော့ အောင်မြင်ပြီလို့ မြင်တယ်။ အရင်တုန်း ကတော့ အိမ်ပတ်ဝန်းကျင်မှာ ဘိန်းစား များလွန်းလို့ မိဘတွေ မျက်ရည်နဲ့ နေရတယ်။ ခုတော့ မိဘတွေနဲ့ အတူ အလုပ်လုပ်နေတာ တွေ့ရတယ်။ ကျမတို့လည်း ပျော်ရပါတယ်” ဟု မဇ္စျိမကို ပြောသည်။
မုံးပေါ်ဒေသအတွင်း ဘိန်းဖြူ၊ ယာဘ နှင့် ဒေသအခေါ် မဟောင် ဆေးများ အဓိက သုံးစွဲကြသည်။ ရောင်းချသူနှင့် သုံးစွဲသူများကို သတိပေးတားမြစ်၍ မရပါက မုံးပေါ် ပြည်သူ့စစ် အချုပ်တွင် ခေတ္တဖမ်းဆီးပြီး ဒဏ်ငွေအဖြစ် နှစ်သိန်းမှ ၁ဝ သိန်းအထိ ချမှတ်ခြင်း ဖြစ်သည်။
အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ ဦးထုပ်နှင့် အကျီင်္များ ဝတ်ဆင်၍ ကျေးရွာများ အတွင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အနှောက်အယှက်ပေးခြင်း မရှိသလို ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဟု ဆိုသည်။
မုံးပေါ်ဒေသအတွင်း မူးယစ်ဆေး ရောင်းဝယ်သူ ၅၄ ဦးနှင့် သုံးစွဲသူ ၁၄၉ ဦး ကျန်ရှိနေသေးကြောင်း မှတ်တမ်းများအရ သိရသည်ဟုလည်း ဆက်လက် ပြောဆိုသည်။
ရပ်ရွာ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေသခံ ကိုမုန်မောင်ဘရန်က ထိုသို့ တိုက်ဖျက်နေသော်လည်း မုံးပေါ်မြို့မ စျေးရွာ၌ ယခင်က ရောင်းဝယ်သူ ၁ဝ ဦးကျော် သာရှိရာမှ ယခု ၂၃ ဦး အထိတိုးမြင့်လာပြီး စုစုပေါင်း ၃၃ ဦး ရှိလာသဖြင့် ၎င်းတို့အား ထပ်မံ ဖမ်းဆီး အရေးယူသွားရန် အထောက်အထား ကောက်ယူနေပြီ ဖြစ်ကြောင်း ပြောသည်။
“မုံးပေါ်ရွာအနီးတွေတော့ ရောင်းတဲ့လူ မရှိသလောက်ပဲ။ ခု ပိုများလာတာက မုံးပေါ်စျေးကြီးမှာ။ နောက်ကွယ်မှာ စစ်တပ်က ပါနေတယ်။ အာဏာပိုင်တွေရဲ့ လာဘ်စားမှုတွေနဲ့ ပတ်သက်နေတယ်လို့ ယူဆထားတယ်။ ဒါကြောင့် ခု စုံစမ်း စစ်ဆေးဖို့ စီစဉ်နေပြီ။ သတိပေးလို့ မရဘူးဆိုရင် မြို့နယ်၊ ခရိုင်အဆင့်ဆင့် တိုင်ကြားသွားဖို့ လုပ်နေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်ထိ် ဆွေးနွေးပွဲ ပြုလုပ်၍ လေးလကြာ မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ခဲ့မှုများကို
ပြန်လည်သုံးသပ်ခဲ့ရာ မုံးပေါ်ဒေသ ကျေးရွာအုပ်စု ၈ အုပ်စုမှ မုံးပေါ်၊ မန်ပိန်း၊ နမ်ခေါင်၊ နမ်ချက်၊ ဝင်းဆိုင်၊ မန်ကန်၊ မန်ဘန်၊ ဖာလပ်၊ လုံဂျာ၊ မန်ဂျေ၊ မန်နောင်းကောင် စသည့်ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၂ဝ တွင် ကချင်၊ ရှမ်းနှင့် တရုတ် လူမျိုးများ နေထိုင်ကြပြီး လူဦးရေ ၁ဝ,၇၅၅ ဦးအနက် မူးယစ်ဆေးဝါး သုံးစွဲသူ ၂ဝ ရာခိုင်နှုန်း ရှိသည်ဟု မဇ္စျိမက လက်ခံရရှိသော ၎င်းတို့၏ သုံးသပ်ချက် စာတမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များဘက်မှ ပူးပေါင်း ပါဝင်လာခြင်း မရှိခြင်း၊ ဒေသခံအမျိုးသားများ ပါဝင်မှု အားနည်းခြင်း၊ တရားဥပဒေ စိုးမိုးခြင်း မရှိခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ အား ပြန်လည် ထူထောင်ရေးနှင့် ဆေးဝါး တိုက်ဖျက်ရေး စခန်း မရှိခြင်းအပြင် ထိပ်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ် သူများအား မတိုက်ဖျက်နိုင်ခြင်း စသည့် စိန်ခေါ်မှု ကြံုတွေ့နေရသည်ဟု သုံးသပ်ချက်တွင် ပါရှိသည်။