ရှမ်းပြည်အတွင်း အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု SWAN ပြော

ရှမ်းပြည်အတွင်း အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု SWAN ပြော
by -
မဇ္စျိမ

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ၏ ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်စဉ်တွင် ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လူ့အခွင့်အရေးများ ဆက်လက် ချိုးဖောက်နေကြောင်း တွေ့ရှိရသည်ဟု ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။

မြန်မာအစိုးရက ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်း မရှိဘဲ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာ ဦးစားပေး လုပ်ဆောင် နေသဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်း တိုးမြှင့်ချထားသော အစိုးရစစ်တပ်များ ဆုတ်ခွာပေးရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

နိုဝင်ဘာလကုန်ပိုင်းမှ ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ သီတင်းသုံးပတ်ကြာ SWAN ခရီးစဉ်အတွင်း ရှမ်းပြည်နယ်
တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်းတုံမြို့နယ် ၁ဝ ခု တို့တွင် ရှမ်းလူမှုအသိုင်းအဝိုင်းများနှင့် ရှမ်းပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

“ငြိမ်းချမ်းရေး လုပ်ပြီးတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ပြည်သူတွေ တောတောင်တွေမှာ ထွက်ပြေးနေရ တယ်။ ခုချိန် လယ်ယာလည်း မရိပ်နိုင်ဘဲ ပစ်ထားရတယ်။ ရွာသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ သူပုန်နဲ့ ဆက်သွယ်တယ် ဆိုပြီး ဖမ်းဆီး၊ ရိုက်နှက်တာတွေ ရှိနေတယ်။ လနဲ့ချီပြီး ချုပ်ထားတယ်။ တဖက်မှာ လည်း လယ်မြေ သိမ်းတဲ့ ကိစ္စတွေ ရှိနေတယ်” ဟု SWAN မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖက မဇ္စျိမကို ပြောသည်။

ယခုခရီးစဉ် မတိုင်မီ မိုင်းရှုးမြို့နယ်မှ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု လေးခု ဖြစ်ပွားခဲ့ ကြောင်းနှင့် ယင်းကိစ္စ အစိုးရ စစ်တပ်ဘက်မှ ကျူးလွန်ခြင်း ဖြစ်သော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောဆိုရန် မသင့်သေး ကြောင်း မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် ၅၅ မြို့နယ်တွင် ယခင်က တမြို့နယ်လျှင် တပ်ရင်း တရင်းသာ ရှိခဲ့ရာမှ ယခုနောက်ပိုင်း ၁၈ဝ ရင်းထိ ရှိလာသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရှမ်းလူမှုအခြေပြုအဖွဲ့များက ပြောဆိုခဲ့သည်။

သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာမှ ၅ မိုင်အကွာတွင် ဖြတ်သန်းသွားသော တရုတ်ပိုင် ရေနံနှင့်သဘောဝ ဓါတ်ငွေ့ ပိုက်လိုင်းသည် ဆားဓါတ်ကြောင့် ပေါက်ကွဲစေနိုင်၍ ဒေသခံများ စိုးရိမ်သဖြင့် ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆိုနေသည်ဟု ယိင်းဟန်ဖ က ပြောသည်။

“မီးတိုင်တောင် တနှစ် မခံဘူး။ ၅ လ၊ ၆ လောက်ဆိုရင် ဓါတ်တိုင် လဲတာ။ ခု ပိုက်လိုင်းကို ဆားဓါတ်စားပြီး သံချေး တက်လာပြီးတော့ ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မှာလဲ။ တချို့ ပိုက်လိုင်းတွေ ဆိုရင် မတည့်ဘူး။ ကောက်နေတယ်။ ဖာထားတာလည်း ရှိတယ်။ အဲဒါကြောင့် ဒီ ဂက်စ်ပိုက်လိုင်းက တကယ့်ကို အန္တရာယ် ကြီးနေပြီ၊ ပေါက်ကွဲသွားရင် ပြည်သူတွေရဲ့ လုံခြံုရေးကို ဘယ်သူတာဝန်ယူမလဲ” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုဂက်စ်ပိုင်းလိုင်း စီမံကိန်း ရပ်ဆိုင်းရေးအား ရှမ်းပြည်သူများက လွှတ်တော် ကိုယ်စားလှယ်များမှ တဆင့် တင်ပြခဲ့သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်း မရှိသေးဟု ဆိုသည်။

ထိုစီမံကိန်းကို တရုတ် အမျိုသား ရေနံကော်ပိုရေးရှင်း CNPC က လုပ်ဆောင်နေပြီး ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲ ကျွန်းမှတဆင့် မန္တလေးတိုင်း၊ မေမြို့မှ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ နောင်ချို၊ မူဆယ်၊ နမ္မတူ၊ ကျောက်မဲနှင့် နမ့်ခမ်းမြို့များမှ တရုတ်နိုင်ငံထိ ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်သည်။

ထိုပိုက်လိုင်းအတွက် နမ့်ခမ်းမြို့နယ် အတွင်း လယ်ယာမြေ ဧကပေါင်း ၁၅,ဝဝဝ သိမ်းပိုက်ခံနေရသည်ဟု ရှမ်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။

ထိုကိစ္စကို ရှမ်းနိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ ရှမ်းပြည်သူလူထုများ၏ အခက်အခဲ အသေးစိတ်ကို ကောက်ခံပြီး လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် ဗဟိုအစိုးရထံ တင်ပြသွားရန် စီစဉ်ထားသည်ဟု ယိင်းဟန်ဖ က ပြောသည်။

ယင်း SWAN အမျိုးသမီးအဖွဲ့များ သွားရောက်သည့် ခရီးစဉ်အတွင်း အစိုးရ၏ ထောက်လှမ်းရေးများ၏ စောင့်ကြည့်မှု များနှင့် စစ်ဆေးမေးမြန်းမှု အမျိုးမျိုးကြံုတွေ့ခဲ့ရသည်ဟုလည်း ယိင်းဟန်ဖ က ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရန်ကုန်မြို့တွင် SWAN အပါအဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရှမ်းလူမှု အခြေပြု အဖွဲ့အစည်းများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရှမ်းစာပေယဉ်ကျေးမှု အသင်းများ ပါဝင်သော 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း' ဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် ရှမ်းလူမျိုးများ ညီညွတ်မှုကို ပြသလိုက်သလို ငြိမ်းချမ်းရေး တည်ဆောက်စဉ် ကာလ အတွင်း ကောင်းကျိုးတခုအဖြစ် ရှုမြင်သည်ဟု ဆက်ပြောသည်။