ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ တနင်္သာရီတိုင်း၊ ကော့သောင်း- မြိတ်- ကျွန်းစု- ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဟောပြောမည့် စင်မြင့်အနီး၌ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။
“မဖျက်ပါဘူးခင်ဗျာ၊ နဂိုအစီအစဉ်အတိုင်းပါပဲ” ဟု NLD ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ဒု-တာဝန်ခံ ဦးကြည်တိုး က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မှ ကော့သောင်းသို့ လေကြောင်းခရီးဖြင့်
ရောက်ရှိမည် ဖြစ်ပြီး ၎င်းမှတဆင့် မြိတ်သို့လည်းကောင်း၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိတ်ခရိုင် ကျွန်းစုမြို့သို့ လည်းကောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကံမော် ကျေးရွာသို့လည်းကောင်း သွားရောက်ကာ လူထုဟောပြောပွဲ များ ပြုလုပ်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း ကော့သောင်းမြို့၌ ပြည်သူလူထုနှင့် တွေ့ဆုံကာ တရားဥပဒေ စိုးမိုးရေး အပါအဝင် အများပြည်သူ သိသင့်သိထိုက်သည့် ကိစ္စရပ်များအား ဆွေးနွေးဟောပြောရန်အတွက် ကော့သောင်းမြို့၊ ရန်ကြီးအောင် ဘောလုံး ကွင်းကို အသုံးပြုခွင့် ပေးရန် ကော့သောင်း NLD က ဒီဇင်ဘာလ ၁ဝ ရက်နေ့က တင်ပြခဲ့သည်။
“ဟောပြောပွဲတွင် ပါတီစည်းရုံးရေးကိစ္စရပ်များ ထည့်သွင်း ဟောပြောခြင်း မပြုပါက ဘောလုံး ကွင်းအား အသုံးပြုခွင့် ပြုကြောင်း” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာလ ၁၆ ရက် နေ့စွဲဖြင့် အကြောင်းပြန်လာ၍ ဘောလုံးကွင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စတင် လုပ်ကိုင်နေသည်ဟု ကော့သောင်း NLD မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်မှ ဦးသက်နိုင် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ ဟောပြောပွဲအတွက် နေရာပြင်ဆင်မှု ပြုလုပ်စဉ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်တွင် အသေးစား ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ကွင်းသန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပေါက်ကွဲမှုအမျိုးအစား ဒေသရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခြင်း မရှိသေးသော်လည်း အမှိုက်ပုံ အတွင်း၌ ပါလာ သော (spray) ဘူး ပေါက်ကွဲမှု ဖြစ်သည်ဟု ဒေသအာဏာပိုင်များနှင့် ဒေသခံ NLD ပါတီဝင်များက ယူဆကြသည်။
မြိတ် NLD လူငယ်တဦးကမူ ပေါက်ကွဲသော နေရာတွင် တထွာခန့် ရှိသည့် မြေပြင်ချိုင့်ခွက် ဖြစ်သွားခြင်း၊ ပေါက်ကွဲရာ မှ သတ္တုခဲစများကို တွေ့ရှိရခြင်း၊ ဒဏ်ရာ ရသူများသည် ပေါက်ကွဲရာနှင့် ၁၂ ပေ အကွာတွင် ရှိနေခြင်း စသည်တို့ ကြောင့် အပျော့စားဗုံး ဖြစ်နိုင်သည်ဟု ဆိုသည်။
“ကျနော် စုံစမ်းထားသလောက်ဆိုရင် ဒေါ်စု မလာမှာ စိုးရိမ်လို့၊ နောက်တခုက အာဏာပိုင်တွေ သတင်းထိန်ချန်ခိုင်း လို့ spray ဗူး ပေါက်တယ်လို့ ပြောလိုက်ကြတာ။ အခုပေါက်တာက အပျော့စား လက်လုပ်ဗုံး ဖြစ်မယ်။ ဒီလို ဗုံးမျိုး ကျနော်တို့ ဒေသမှာ ငါးဖမ်းတဲ့အခါ သုံးလေ့ ရှိတယ်” ဟု မြိတ် NLD လူငယ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးကာလတွင် ကျွန်းစုမြို့နယ် အတွင်းရှိ စခန်းသစ်၊ ကံမော်၊ ကျွန်းစု စသည့် ကျွန်းပေါ်ရှိ ကျေးရွာများသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ရှပ်ပြေး ရေယာဉ် ငှားရမ်း ၍ မရခြင်းနှင့် ကျန်းမာရေး အခြေအနေကြောင့် စခန်းသစ် ကျွန်းသို့သာ သွားရောက်နိုင်ခဲ့သည်။
ယခု ခရီးစဉ်တွင် ကျွန်းရွာများသို့ သွားရောက်နိုင်ရန်အတွက် ရှပ်ပြေး ရေယာဉ်များကို စီစဉ်ထားပြီ ဖြစ်ကြောင်း မြိတ် NLD ပါတီဝင်များထံမှ သိရသည်။