ရခိုင်သံဃာထု လက်ပံတောင်းတောင် ရဟန်း၊ ပြည်သူများနှင့် ထပ်တူ ရှိဟုဆို

ရခိုင်သံဃာထု လက်ပံတောင်းတောင် ရဟန်း၊ ပြည်သူများနှင့် ထပ်တူ ရှိဟုဆို
by -
နိရဥ္စရာ

ရခိုင်သံဃာထုဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရှိနေတယ်လို့ ရခိုင် သံဃာတော်များ စည်းကမ်း ထိမ်းသိမ်းရေးနဲ့ တည်ငြိမ်ရေး အဖွဲ့ ဥက္ကဌ ဦးဉာဏက ပြောပါတယ်။

Photo by RSV

ဒီဇင်္ဘာလ ၁၂ ရက်နေ့က စစ်တွေ ဘုရားကြီး ရင်ပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး နိရဥ္စရာက ဆက်သွယ်မေးမြန်းရာမှာ ဆရာတော် ဦးဉာဏက “ ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရခိုင် ရဟန်းတော်တွေ ရှိနေတယ်ဆိုတာကို ပြသလိုတဲ့ အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်တွေမြို့ အတုမာရဇိန် ဘုရားကြီးမှာ ရခိုင် ရဟန်းတော် (၆၀) ခန့်ဟာ မနေ့  နေ့လည် တစ်နာရီ ခန့်မှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒ ဖေါ်ထုတ်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

“  ဦးဇင်းတို့ ဘုရားကြီး ရင်ပြင်ထဲမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အမြန်ဆုံး ကျန်းမာလာဖို့ ဦးဇင်းတို့ ဆုတောင်း မေတ္တာပို့ခဲ့တယ်” လို့ ဦးဉာဏက ဆိုပါတယ်။

“ ထိခိုက်ခဲ့ရတဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂ္ဂိုလ်တွေနည်းတူ ရခိုင်ပြည်နယ်က သံဃာတော်တွေလည်း ထပ်တူ ထိခိုက် ခံစားရတယ်။ ဒီရဟန်းတော်တွေရဲ့ လုပ်ရပ်ဟာ ကို်ယ်ကျိုးအတွက် မဟုတ်ဘူး။ ပြည်သူ ပြည်သားတွေဘက်က ရပ်တည် တောင်းဆို တိုက်ပွဲဝင်တာသာ ဖြစ်တယ်။ ဒီလို ရဟန်းတော် တွေကို  အကြမ်းဖက် ဖြိုခွင်းတာဟာ လုံးဝ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံသစ်ကို လျှောက်လှမ်းစ ပြုနေတဲ့  မြန်မာနိုင်ငံ အဖို့လည်း  ကြီးလေးတဲ့ အဟန့် အတား ဖြစ်စေပါတယ်” လို့ ပြောပါတယ်။

အဲဒီ ဆန္ဒ ထုတ်ဖေါ်ပွဲမှာ အချက် (၆) ချက်ပါတဲ့ တောင်းဆိုချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတောင်းဆိုချက်တွေထဲမှာ အစိုးရက လက်ပံတောင်းတောင် အကြမ်းဖက်မူကို တရားဝင် ၀န်ချ တောင်းပန်ရန်၊ ရဟန်းတော်တွေကို အခမဲ့ လုံလောက်သော ဆေးဝါး ကုသပေးရန်၊ အကြမ်းဖက်မူကို ဦးဆောင်လုပ်တဲ့ တာဝန်ရှိသူ တွေကို အရေးယူ အပြစ်ပေးရန်၊ ဖမ်းဆီးထားတဲ့ သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စတဲ့ အချက်တွေ ပါ၀င်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ ပုသိ်မ်၊ စစ်ကိုင်းအပါအဝင် တခြား မြို့ကြီးအတော်များများတွင်လည်း ပြုလုပ်ခဲ့ကြပါတယ်။

Most read this week