နိုင်ငံခြားနှင့် မြန်မာ အဆိုတော်များ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဂီတဖျော်ဖြေပွဲ

နိုင်ငံခြားနှင့် မြန်မာ အဆိုတော်များ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဂီတဖျော်ဖြေပွဲ
by -
မဇ္စျိမ

လူကုန်ကူးမှု အသိပညာပေး နိုင်ရန်အတွက် နိုင်ငံခြားနှင့် မြန်မာ တေးဂီတဝိုင်းများ၏ အခမဲ့ ဂီတဖျော်ဖြေ ပွဲတခုကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ဒီဇင်္ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။

MTV-exit-live-in-Myanmar

လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည့် MTV EXIT (End Exploitation and Trafficking) အဖွဲ့က မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးတွဲ၍ အခမဲ့ Live Concert စီစဉ်ခြင်း ဖြစ်ကြောင်း MTV EXIT မြန်မာမှ တာဝန်ခံ ကို တင်ဝင်းလှိုင်က ပြောသည်။

“MTV EXIT အနေနဲ့ ကတော့ လူကုန်ကူးမှု အသိပညာပေး တေးဂီတ ဖျော်ဖြေပွဲပေါ့။ နိုင်ငံခြား အဆိုတော် အဖြစ် Jason Mraz လာဖြစ်မယ်။ SLOT MACHINE ဆိုတဲ့ ထိုင်း Music Band (တေးဂီတအဖွဲ့)လည်း ပါတယ်။ မြန်မာ အဆိုတော်တွေလည်း ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

အဆိုတော် Jason Mraz မှာ နိုင်ငံတကာ ဂရမ်မီဆုကို နှစ်ကြိမ်တိုင် ဆွတ်ခူးရရှိထားပြီး အဆိုတော် ဘဝကို
ကော်ဖီ ဆိုင်တွင်း သီချင်းဆိုသူအဖြစ်မှ စတင်ခဲ့သူတဦး ဖြစ်သည်။

မြန်မာ အဆိုတော်များ ဖြစ်ကြသော Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ စိုင်းစိုင်း၊ ဖြိုးကြီး တို့လည်း ပါဝင်ဖျော်ဖြေရန် ရှိသည်ဟု သိရှိရသည်။

ထိုဖျော်ဖြေပွဲအား မြန်မာ့ရုပ်မြင်သံကြားနှင့် နိုင်ငံတကာရှိ MTV ကွန်ယက်များမှ တဆင့် ထုတ်လွှင့်ပြသသွား မည်ဟု လည်း ဆိုသည်။

“ကျနော်တို့ MTV EXIT နဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနက ပေါင်းပြီး လုပ်တာပါ။ အဓိက ရည်ရွယ် ချက်ကတော့ လူကုန်ကူးမှု အသိပညာ ပေးဖို့ အတွက်ပါ” ကိုတင်ဝင်းလှိုင်မှ မဇ္စျိမအား ပြောသည်။

လူကုန်ကူးမှုမှာ ဆိုးရွားလှသော လူသား ကျွန်ပြုသည့် ရာဇဝတ်မှု တခုဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များ အဓိက ပစ်မှတ်ထား ခံနေရသည်။ တကမ္ဘာလုံး အတိုင်း အတာဖြင့် သန်း ၂၀ ကျော် လူသားများ ကျွန်ပြုခံနေရ ဆဲဖြစ်ကာ မြန်မာနှင့် အရှေ့တောင် အာရှသည်လည်း လူကုန်ကူးမှုများ ဖြစ်ပွား လျက်ရှိသည့် ထင်ရှားသည့် ဒေသတခုအဖြစ် သက်ရောက်မှုများ ခံစားနေရသည် ဟု MTV EXIT ၏ ကြေညာချက်၌ ပါရှိသည်။

Live Concert အား ထူးထူးခြားခြား ဖြစ်စေရန်အတွက် မြန်မာတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ နှစ်ပေါင်း ၂,၆၀၀ သက်တမ်းရှိ ရွှေတီဂုံ စေတီတော်ကြီး ရှေ့တွင် ပြုလုပ်ရန် ရွေးချယ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

MTV EXIT အဖွဲ့အား ၂၀၀၄ ခုနှစ်၌ ဥရောပ နိုင်ငံများ၌ စတင် ဖွဲ့စည်းခဲ့ကာ ၂၀၀၇ တွင် USAID ကူညီ ထောက်ပံ့မှုဖြင့် အာရှဒေသဘက်သို့ တိုးချဲ့ခဲ့သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာ မြှင့်တင်ပေးသည့် ဂီတ အဖွဲ့အစည်း တခုအဖြစ် award-wining multimedia initiative ဆုကို ရရှိဖူးသည်။

ယခု မြန်မာနိုင်ငံ၌ သမိုင်းဝင် ပြုလုပ်မည့် ဂီတ ဖျော်ဖြေပွဲကိုလည်း USAID, AusAID, Walk Free, CBTIP, ASEAN, UNIAP တို့မှ ထောက်ပံ့ကူညီပေးသည်ဟု သိရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ လေးပုံတပုံမှာ ကလေး ငယ်များ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။

ထိုအစီရင်ခံစာအရ ၂၀၁၁ ခုတွင် လူကုန် ကူးမှုပေါင်း ၁၃၆ ခုဖြစ်ပြီး တရားခံ ၃၅၁ ဦးကို ဖမ်းဆီး အရေးယူနိုင် ခဲ့ကာ လူပေါင်း ၂၆၅ ဦး ကယ်တင် နိုင်ခဲ့သည်။ ကယ်တင်နိုင်ခဲ့ သူများထဲမှ ရ၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရှိရသည်။

ကလေးသူငယ်များကို အများအားဖြင့် အဓမ္မ တောင်းရမ်း ခိုင်းရန်အတွက် လူကုန်ကူးကြပြီး အသက် ၁၆ နှစ်၊ ၁၇ နှစ် ဝန်းကျင်အရွယ် မိန်းကလေးများကိုမူ ပြည့်တန်ဆာ လုပ်ခိုင်းရန်ဟု သိရသည်။

လူကုန်ကူး ခံရသူ စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြပြီး အများစုမှာ အဓမ္မ လက်ထပ်ထိမ်းမြား ပေးရန်ဖြစ်ကာ ဒုတိယ အများဆုံးမှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ စာရင်းများအရ သိရသည်။

မြန်မာ နိုင်ငံသည် ၂၀၀၄ ခု မတ်လတွင် နိုင်ငံတကာ လူကုန်ကူးမှု သဘောတူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ပြီး ၂၀၀၅ ခုတွင် လူကုန်ကူးမှု တားဆီးရေး ဥပဒေကို ထုတ်ပြန်ခဲ့သည်။