ပရီးမီးယားလိဂ် မူပိုင်ထုတ်လွှင့်ခွင့် သုံးနှစ်စာ Sky Net ရ

ပရီးမီးယားလိဂ် မူပိုင်ထုတ်လွှင့်ခွင့် သုံးနှစ်စာ Sky Net ရ
by -
မဇ္စျိမ

ကမ္ဘာကျော်၍ မြန်မာပရိသတ် အကြိုက်များသော အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲ မူပိုင်ထုတ်လွှင့်ခွင့် သုံးနှစ်စာကို Sky Net ရုပ်သံမှ ရရှိသွားကြောင်း အဆိုပါ ရုပ်သံလိုင်း၏ အရောင်းမန်နေဂျာ ဒေါက်တာ သိန်းသန်းဦး က မဇ္စျိမကို ပြောသည်။

လာမည့် ၂ဝ၁၃-၂ဝ၁၄ ရာသီမှ ၂ဝ၁၅-၂ဝ၁၆ ရာသီအထိ ရရှိခြင်း ဖြစ်ပြီး ယခုနှစ်တွင် ပရီးမီးယားလိဂ် ထုတ်လွှင့်ခွင့် ကို Sky Net က မရရှိသည့်အတွက် Sky Net တပ်ဆင်ထားသူ တချို့မှ ဝေဖန်မှုများ ရှိခဲ့သည်။  

“Sky Net ကို အရင်က ဘောလုံးပွဲတွေ အကုန်ကြည့်ရမယ်ဆိုတော့ တပ်လိုက်တယ်။ ဒါပေမယ့် ဒီနှစ်တော့ ပရီးမီးယားလိဂ် မလာပြန်ဘူး။ ကျနော်တို့က နောက်တမျိုး ဝယ်ရမလို ဖြစ်နေတယ်။ နှစ်ဖက်စလုံးမှာ ပြသနိုင်ရင် တော့လည်း ကောင်းတယ်။ ကျနော်တို့ကတော့ ကိုယ်ဝယ်ထားတဲ့ လိုင်းမှာ ကိုယ်ကြည့်ချင်တယ်။ ထပ်မဝယ်ချင် တော့ဘူးပေါ့” ဟု Sky Net တပ်ဆင်ထားပြီး ဘောလုံးပွဲများ ပုံမှန် ကြည့်ရှုလေ့ရှိသူတဦးက ဆိုသည်။

ဒေါက်တာသိန်းသန်းဦး ကမူ “ကျနော်တို့က ပရီးမီးယားလိဂ် ထုတ်လွှင့်ခွင့်ကို သုံးရာသီစာ ရထားပါတယ်။ သုံးနှစ်စာ တခါတည်း ပေးတာပေါ့။ အခြား ဘောလုံးပွဲတွေလည်း ထုတ်လွှင့်သွားမှာပါ။ ပရီးမီယားလိဂ်ကတော့ တိုးပြီး ရတာပေါ့။ ကျနော်တို့ အနေနဲ့ Customer (ဖောက်သည်) တွေအတွက် ကြိုးစားပေးမှာပါ။ ဒီနှစ် မရပေမယ့် နောင်နှစ်တွေ ရအောင် ကြိုးစားပေးတာပါ” ဟု ပြောသည်။

ထုတ်လွှင့်ခွင့်ရရှိသည့် စျေးနှုန်းနှင့် ပတ်သက်၍မူ Sky Net က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

၂ဝ၁၂- ၂ဝ၁၃ ရာသီ ပရီးမီးယားလိဂ် ထုတ်လွှင့်ခွင့်အတွက် အိမ်နီးချင်း နိုင်ငံများ၏ ရုပ်သံလိုင်းများ အသုံးပြု သည့် ငွေကြေးမှာ ထိုင်းနိုင်ငံမှ ပေါင်စတာလင် ၃၈ သန်း၊ ဗီယက်နမ်မှ ခြောက်သန်း၊ အင်ဒိုနီးရှားမှ ပေါင် ၂၅ သန်းနှင့် မလေးရှားမှ ပေါင် ၆၅ သန်း ရှိကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။ (၁ ပေါင်လျှင် ပျမ်းမျှ ၁.၆ ဒေါ်လာ ရှိသည်။)

ယင်းသို့ ထုတ်လွှင့်ခွင့် သုံးနှစ်စာကို Sky Net ရုပ်သံလိုင်းက ရရှိသွားသည့်အပေါ် ပြည်တွင်းထုတ် The Earth ဂျာနယ်မှ အယ်ဒီတာ ဦးထက်နေ ကမူ “SkyNet အနေနဲ့ ပရီးမီးယားလိဂ်ကို အခုလို ရသွားတာက သူ့အတွက် စီးပွားရေးနယ်ပယ်ကို ချဲ့ထွင်တာ သက်သက်လို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။ တနည်းအားဖြင့် မီဒီယာ လက်ဝါးကြီး အုပ်မှုပေါ့။ MRTV-4 က Free To Air ရုပ်သံလိုင်း ဖြစ်ပါတယ်။ တီဗီ ရှိတဲ့လူတိုင်း ပရီးမီးယား လိဂ်ကို ကြည့်နိုင်ပါ တယ်။ ဒါပေမယ့် Sky Net ကတော့ အခပေး ရုပ်သံလိုင်းဖြစ်တဲ့အပြင် သူ့ရဲ့ ကနဦး တပ်ဆင်ကြေးနဲ့ လစဉ်ကြေးတွေ က သာမန်ပြည်သူတွေ လက်လှမ်းမမီသေးတဲ့ အခြေအနေမှာပဲရှိနေပါ သေးတယ်" ဟု သုံးသပ်ပြောဆိုသည်။

ယခုနှစ် ရာသီအတွက် ထုတ်လွှင့်ခွင့်ကို MRTV 4 နှင့် ဆက်စပ် ရုပ်သံလိုင်းများမှ ပြသနေပြီး အချို့ပွဲချိန်များ တွင် ပြသမှု မရှိကြောင်းလည်း သိရသည်။ ယင်းသို့ ထုတ်လွှင့်ခွင့်များ အပြိုင်အဆိုင် ရယူနေခြင်းကို ကြည့်ခြင်း အားဖြင့် မီဒီယာများ၏ ပြိုင်ဆိုင်မှု များလာခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။