၈၈ တို့၏ တနင်္သာရီခရီးတွင် ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုး အဓိက ဆွေးနွေးရ

၈၈ တို့၏ တနင်္သာရီခရီးတွင် ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုး အဓိက ဆွေးနွေးရ
by -
မဇ္စျိမ

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသား များ၏ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံများ ကြုံတွေ့နေရသည့် ပြဿနာများကို အဓိက ပြောခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။

“ကျနော်တို့အနေနဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတယ်။ သို့သော်လည်းပဲ ဖွံ့ဖြိုးတိုးတက်ရေး ကြောင့် ဒေသခံ ပြည်သူတွေရဲ့ အနာဂတ် နေထိုင်မှုဘဝတွေ၊ ယုံကြည်မှု ကင်းမဲ့တာတွေ၊ ကျန်းမာရေး ထိခိုက်မှု ကိစ္စတွေကို ကျနော်တို့ စိုးရိမ်တယ်။ ရေရှည်ကို မျှော်မှန်းတဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်မျိုးနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်မျိုးကိုဆောင်ရွက်နိုင်ဖို့၊ ဆက်လက်ကြိုးပမ်းသွားဖို့အကြောင်း ပြည်သူလူထုတွေကို ဆွေးနွေးသွားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုပြုံးချို က မဇ္စျိမကို ပြောသည်။

တနင်္သာရီတိုင်းအတွင်း လှည့်လည်ဟောပြောသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ မသက်သက်အောင်တို့ ပါဝင်သည့် ၁၅ ဦးပါ ၈၈ အဖွဲ့သည် နိုဝင်ဘာလ ၂၂ နေ့တွင် မြိတ်ခရိုင်အတွင်း ၎င်းတို့၏ ခရီးစဉ်ကို စတင်ပြီး ၂၉ ရက်နေ့တွင် ကော့သောင်းခရိုင်၌ အဆုံးသတ်ခဲ့သည်။

တနင်္သာရီတိုင်းသည် သတ္တုသိုက်၊ သစ်တော၊ သဘာဝဓါတ်ငွေ့နှင့် ရေထွက်ပစ္စည်းများ အလွန်ပေါ ကြွယ်ဝ သည့် ဒေသတခု ဖြစ်သော်လည်း ဒေသခံများအနေနှင့် ၎င်းသယံဇာတ၏ အသီးအပွင့်များကို မခံစားရဘဲ ဆိုးကျိုးများနှင့် ရင်ဆိုင်နေရသည့် အကြောင်းများကိုလည်း ခရီးစဉ်တလျှောက် လူထုတွေ့ဆုံပွဲများတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“တနင်္သာရီတိုင်းဟာ အမိမြန်မာပြည်မှာ သတ္တုသိုက်တွေ အင်မတန် ပေါကြွယ်ဝတဲ့ တိုင်း၊ ဂက်စ်တွေ ထွက်နေတဲ့ တိုင်း၊ ဗမာတပြည်လုံးရဲ့ သတ္တုတွေကို အများဆုံး ထုတ်ပေးနေတဲ့ ဟောဒီတိုင်းမှာ တိုင်းပြည် ဘဏ္ဍာကို အများဆုံး ရှာပေးနေတဲ့အထဲမှာလည်း ပါတယ်။ ဒါပေမယ့် အဲဒီဒေသကို ကျေးဇူးဆပ်လိုက်ပုံက ကားကို လူက ကြိုးနဲ့ ပြန်ဆွဲနေ ရတာ တော်တော် အသည်းနာဖို့ ကောင်းတယ်” ဟု ခရီးစဉ်အတွင်း ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်ကို နိုဝင်ဘာ ၂၈ ရက်နေ့ ကော့သောင်းမြို့ မ ဉ္ဇူသက ခန်းမရှေ့ ဟောပြောပွဲတွင် ကိုမင်းကိုနိုင် က ထည့်သွင်းပြောကြားခဲ့သည်။

၎င်းပြင် တနင်္သာရီတိုင်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်မည့် မြိတ်နှင့် လည်ပတ်ဆဲ ကော့သောင်းရှိ နေရာများသို့ သွားရောက်ကာ ဟောပြောခဲ့ကြသည်ဟုလည်း ၈၈ ကျောင်းသားများက ပြောသည်။

“ဒေသခံတော်တော်များက ဒီကျောက်မီးသွေးစက်ရုံရဲ့ အနာဂတ် ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး တော့ သူတို့ရဲ့ စိုးရိမ်မှုတွေ၊ နောက်ပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းဆောင် ရွက်ပြီးတော့ ရလဒ်ကောင်းတွေ ရှာကြမလဲ ဆိုတာ ကျနော်တို့ကို တင်ပြဆွေးနွေးပါတယ်” ဟု ကိုပြုံးချို က ပြောသည်။

မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး ကလည်း “သူ့ (ကိုမင်းကိုနိုင်) အနေနဲ့ ရွာသူရွာသားတွေနဲ့ ထပ်တူ ထပ်မျှပဲ။ ဒီကျောက်မီးသွေးစက်ရုံကို လုံးဝ မထောက်ခံဘူး။ သဘာဝဓါတ်ငွေ့ကို ရအောင် တောင်းမယ် ဆိုတဲ့ဟာမျိုးကို ပြောသွားတယ်” ဟု မဇ္စျိမကို ပြောသည်။

မြိတ်မြို့နယ် အရှေ့ဘက် ၁၇ မိုင်အကွာ လော့လော့ကျေးရွာ အနီးရှိ ၅ဝ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး စက်ရုံကို ဖျက်သိမ်းပေးပြီး သဘာဝ ဓါတ်ငွေ့ဖြင့် အစားထိုး လည်ပတ်ရန် စက်ရုံတည်ဆောက်မည့် နေရာ အနီးတဝိုက်ရှိကျေးရွာများဖြစ်သည့် ကျောက်ဖျာ၊ လော့လော့၊ သမုတ်နှင့် ကျွဲကူး ကျေးရွာများမှာ ဒေသခံ ၁,၆၇၇ ဦး၏ လက်မှတ်ဖြင့် အောက်တိုဘာလ ၁ ရက်နေ့က သမ္မတထံ အသနားခံ တင်ပြထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ လော့လော့ကျေးရွာ ဟောပြောပွဲတွင် ၈၈ မျိုးဆက်များအနေနှင့် ပြည်သူလူထုနှင့် တသားတည်း ဖြစ်သည်ကို ဖေါ်ညွှန်းလိုသည့်အတွက် ဒေသခံတဦးကိုလည်း စင်ပေါ်တက်ရောက် ဟောပြော စေခဲ့ သည်မှာ ခရီးစဉ်တလျှောက်၏ ထူးခြားချက် ဖြစ်သည်ဟုလည်း ကိုတင်ကိုကိုဦး က ပြောသည်။

ကော့သောင်းမြို့ မ ဉ္ဇူသက ခန်းမရှေ့ ဟောပြောပွဲတွင်လည်း ကိုမင်းကိုနိုင် က “ဘယ်စီမံကိန်းမဆို လုပ်ချင်တဲ့ သူတွေကတော့ အကျိုးစီးပွားအတွက် အကောင်းချည်း ပြောမှာပဲ။ ပြီးတော့မှ ဖြစ်လာမယ့် ကိစ္စတွေ မရှူနိုင်၊ မကယ်နိုင် ဖြစ်ပြီဆိုတဲ့အခါကျမှ ကိုယ်လက်လွန် ဖြစ်သွားတဲ့ စာချုပ်တွေအတွက် ကျနော်တို့ ပြည်သူတွေ စောစော စီးစီးကတည်းက သိခွင့်ရှိရမယ်။ သဘောမတူရင် သဘောမတူကြောင်း တခဲနက် ဆန္ဒပြခွင့် ရှိရမယ်” ဟု ကိုမင်းကိုနိုင် ပြောကြားခဲ့သည်။

ကော့သောင်းမြို့ လူနေရပ်ကွက်ကြားရှိ လည်ပတ်ဆဲ ဖြစ်သည့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၈ မဂ္ဂါဝပ် ထုတ် ကျောက်မီးသွေးစက်ရုံသည် ကန့်ကွက်ဆန္ဒပြမှု၊ ထောက်ခံဆန္ဒပြမှုနှင့် ကြုံနေဆဲ ဖြစ်သည်။