နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်းပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလိုကြောင်း ပြောဆိုသွားသည်။

ဤ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ “သိက္ခာရှိတဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲဒီ့အတွက် ပြည်သူတွေ ကနေ ဝိုင်းပြီး ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ်၊ ကံ့ကုန်းရွာမိန့်ခွန်းတွင် ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။

ထို့အပြင် “ပြည်သူတွေလည်း သက်သာ၊ နိုင်ငံလည်း သိက္ခာရှိ” သည့် အေးချမ်းသောနည်းလမ်းဖြင့် ဖြေရှင်း သွားလိုပြီး အောင်မြင်မည်/မအောင်မြင်မည်ကိုမူ အာမ မခံနိုင်သော်လည်း ပြည်သူလူထုနှင့် လက်တွဲနိုင်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဆက်လက် ပြောဆိုသည်။

ဆက်လက်၍ “ကျမ လုပ်ငန်းရှင်ဘက်ကို တွေ့ပြီးသွားပြီ။ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့မယ်။ ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ အဲဒီ့အမြင်တွေကို ကြည့်ပြီးတော့ ကျမ တတ်နိုင်သလောက် ညှိပေးချင်တယ်” ဟု ကြားဝင်ဆောင်ရွက်ပေးလိုသောဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်က ပြသခဲ့သည်။

အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို (မိမိတို့ဘက်မှ) တဖက်သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်သည်ဟု ဒေါ်အောင်ဆနး်စုကြည် က မီဒီယာများအား ပြောဆိုခဲ့ဖူးပြီး သဘောတူ စာချုပ်များကို ဖျက်ရန်ကိစ္စမှာ အလွန် စဉ်းစားချင့်ချိန်ရမည့် ကိစ္စဖြစ်ကြောင်းလည်း ပြောဆိုထားသည်။