ရခိုင်ပြည်နယ် တစ်ဝန်း (၃) ရက်အတွင်း ဓား၊ လှံ၊ လက်နက်များကို အပ်နှံရန် ကြေညာ

ရခိုင်ပြည်နယ် တစ်ဝန်း (၃) ရက်အတွင်း ဓား၊ လှံ၊ လက်နက်များကို အပ်နှံရန် ကြေညာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ဝင်များသို့ အပ်နှံရန် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

kyaymon-paper
ထုတ်ပြန် ကြေညာချက်၌-

အောက်တိုဘာ ၂၁ ရက်မှစတင်၍ ရခိုင်ပြည်နယ် အတွင်း မြို့နယ်အချို့တွင် ပဋိပက္ခများ ထပ်မံ ဖြစ်ပွား လျက်ရှိရာ တစ်ဖက်နှင့်တစ်ဖက် လူမျိုးစု အချင်းချင်း အပြန်အလှန် မီးရှီု့မှုများအပြင် သေဆုံး၊ ထိခိုက် ဒဏ်ရာရသူများရှိခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြံုရေးတပ်ဖွဲ့ဝင်များက အရေးယူ ထိန်းသိမ်း ဆောင်ရွက် ခဲ့ပြီး ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ၀ိုင်းဝန်း ထိန်းသိမ်း လျက်ရှိသည်။

နိုင်ငံတော်က မူလအခြေအနေသို့ အမြန်ရောက်ရှိအောင် တည်ငြိမ်းအေးချမ်းမှု အကောင် အထည် ဖော်ဆောင် ရွက် နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေစဉ်တွင် ဆူပူအကြမ်းဖက် လိုသူများမှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ ပျက်ပြား စေရန် အဖျက်အမှောင့် လုပ်ငန်းများ ကို နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် အချို့မြို့နယ်များတွင် လူအုပ်စုဖွဲ့ကာ  ဓား၊ လှံ၊ တူမီး သေနတ်များ ကိုင်ဆောင်၍ လုယက် ဆူပူ အကြမ်းဖက်ရန် ကြိုးစားမှုများ ဖြစ်လာသဖြင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားပြီး ပဋိပက္ခ အခြေအနေဆိုးရွား စေရန်ဖန်တီးခဲ့ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှာ ဥပဒေချိုးဖောက်မှု၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပဋိပက္ခ ဖြစ်စဉ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် တရားမဝင်ကိုင််ဆောင်ထားသော လက်နက်များ နှင့် ပတ်သက်ပြီး ယနေ့မှစ၍ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်အတွင်း ၁၈၇၈ ခုနှစ်၊ လက်နက် ဥပဒေ ပုဒ်မ ၄ (ဃ) တွင် အဓိပ္ပာယ် ဖွင့်ဆို ထားသည့် သေနက်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာ ရဲစခန်း၊ လုံခြံုရေး အဖွဲ့များထံ အမြန်ဆုံး အပ်နှံကြရန်နှင့် သတ်မှတ်ရက် နောက်ပိုင်းတွင် ရန်ပြုလိုသော စိတ်ဖြင့် အဆိုပါလက်နက်များ ကိုင်ဆောင်ထားခြင်းကို တွေ့ရှိ ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အမိန့် ထုတ်ပြန် ထားကြောင်း သတင်းရရှိဟု ပါရှိသည်။

Most read this week