KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ

KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ
by -
မဇ္စျိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား  တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည့် တနှစ်ကျော်ကာလအတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံရသူများအနက် ထောင်ဒဏ် ချမှတ်ခံရသူအနည်းဆုံး ၃၂ ဦးခန့် ရှိကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။ 

၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ မြစ်ကြီးနားမြို့နယ် တရားရုံးက အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခြင်းခံရသူ ၁၉ ဦးအထဲမှ ၁၂ ဦးအား ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီးရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ မူဆယ် စသည့် မြို့နယ် တရားရုံးများက အဆိုပါ ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်လိုက်သူ အနည်းဆုံး ၂၀ ဦးခန့်ရှိသည်ဟု ၎င်းက ဆိုသည်။

သို့သော် ၎င်းတို့အနက် မိုးညှင်းနှင့် ဗန်းမော်စသည့် မြို့နယ် တရားရုံးများမှ အမိန့်ချမှတ်လိုက်သည့် စာရင်းများ မပါဝင်သေးကြောင်းနှင့်မြစ်ကြီးနားမြို့နယ် တရားရုံးမှ တရားစွဲဆိုခံရသူ ၁၉ ဦးအနက် ရ ဦး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည့်နောက် မတရားအသင်းနှင့် ဖောက်ခွဲမှုတို့ဖြင့် ဖမ်းဆီးခံရသူ ရ၀ ဦးခန့်ရှိရာမှ ယခု ၃၀ ကျော် အမိန့်ချပြီး ဖြစ်၍ ၄၀ ဦးခန့်မှာ တရားစွဲဆို ခံနေရဆဲ ဖြစ်သည်။ 

၎င်းတို့အား အစိုးရ စစ်တပ်နှင့် စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့များက ဖောက်ခွဲမှု ပုဒ်မ ၃၊ မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သော်လည်းနောက်ပိုင်းတွင် KIO နှင့် ပတ်သက်သူများဟု စွပ်စွဲ၍ အနည်းဆုံး ၆ လမှ ၂ နှစ်အထိ ထောင်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။ 

အခြား အမည်မဖော်လိုသူ ရှေ့နေတဦးက ကိုဘရန်ရှောင် ဆိုသူအား မတရားအသင်းပုဒ်မဖြင့် စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် သောကြာနေ့က မြစ်ကြီးနားမြို့နယ် တရားရုံးမှခြောက်လှန့်တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်ဟု  ပြောသည်။ 

“ဒီနေ့ ဘရန်ရှောင်ကို ပုဒ်မပြောင်းပြီးတော့ တနှစ်ချလိုက်တယ်၊ အစက ၁၇(၁) နဲ့စွဲတယ်။ နောက်ပိုင်း ရှေ့နေတွေကနေ ပြန်ကြိုးစားပေးလို့ ခြောက်လှန့်တောင်းယူမှု ၃၈၄ နဲ့ ချလိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။ 

ဇူလိုင်လ ၁၇ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသား ဒေသများမှ အပြစ်မဲ့ ပြည်သူများ ထောင်ကျခံနေရခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင်နေသဖြင့် မတရားအသင်း အက်ဥပဒေ ရုတ်သိမ်းရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က တင်သွင်းခဲ့သည်။

၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၅၀ ခန့်၏ အမည်စာရင်းများနှင့် ၎င်းတို့အားလွှတ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား လိပ်မူ၍ သက်ဆိုင်ရာ တရားရုံးများသို့မိိတ္တူပြုကာ မေလဆန်းပိုင်းက တင်ပြခဲ့သည်။ 

အဆိုပါ ၁၇(၁) ဖျက်သိမ်းရန် မလွယ်ကူသော်လည်း တရားရုံးများတွင် ထိုအမှုဖြင့် စွပ်စွဲဖမ်းဆီးထားသူများ အား လွှတ်ပေးခြင်း သို့မဟုတ်တခြားပုဒ်မများဖြင့် ပြောင်းလဲ၍ အမိန့်ချမှတ်ခြင်းများ ရှိနေပြီ ဖြစ်ကြောင်း ဒေါ်ဒွဲဘူက ပြောသည်။ 

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေတရားရုံးတွေမှာ ဥပဒေနဲ့ မညီတဲ့ဟာတွေကို လွှတ်ပေးဖို့ စာဝင်လာတယ်။ အခုတော့ ကွင်းလုံးကျွတ် လွှတ်တာတွေ ရှိတယ်။ ပုဒ်မ ပြောင်းပြီးတော့ လွှတ်ပေးတာတွေလည်း ရှိလာပြီ။ ဒါက ဒီလို တင်ပြထားတဲ့ effect (သက်ရောက်မှု) တခုတော့ ဖြစ်တယ်”ဟု မဇ္စျိမကို ပြောသည်။ 

ထို့အပြင် ၁၉၉၄ ခုနှစ်က ယခင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သဖြင့် KIO ကို မတရားအသင်းမှ ဖျက်သိမ်းထားပြီးဖြစ်ရာ ယခု သမ္မတ အနေဖြင့် ပြန်လည်ကြေညာပေးသင့်ကြောင်း “သမ္မတ ဒါကို ကြေညာပေးရမယ်။ ၁၇ ဖြစ်တဲ့နေရာ ကချင်မှာက ၉၄ မှာ ဖျက်ပြီးသား။ ဒါကို ပြန်ဖမ်းနေတယ်ဆိုတော့ ဒီကိစ္စကို ပြန်သမ္မတက ကြေညာရမှာ။ ဒါကို မကြေညာဘဲ ပြန်ဖမ်းနေတယ်ဆိုတော့ ဒီချွတ်ယွင်းချက်ကို ဖျက်ချရမယ်” ဟု ဒေါ်ဒွဲဘူ က ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့်  ငြိမ်းချမ်ရေးဖော်ဆောင်မှု ဆောင်ရွက်နေချိန်မှာ ဖမ်းဆီးထောင်ချနေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းတွင် ထိခိုက်ကြောင်းလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောဆိုသွားသည်။