စစ်ဘေးသင့် တိုင်းရင်းသား ဒေသများ ဂျပန် Nippon Foundation ကူညီရန်ရှိ

စစ်ဘေးသင့် တိုင်းရင်းသား ဒေသများ ဂျပန် Nippon Foundation ကူညီရန်ရှိ
by -
မဇ္စျိမ

ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) ၏ ဖိတ်ကြားချက်အရ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ် နိုင်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် အတွက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် ၁၉ ဦး အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှတဆင့် ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နေသည့် နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa (ဓါတ်ပုံ - forum2000.cz)
“ကျနော်တို့ကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးဖို့ နိပွန် ဖောင်ဒေးရှင်းက ကတိပြု ထားတော့ သူအကူအညီ ပေးမယ့် တိုင်းရင်းသားတွေက ဘယ်သူတွေလဲ ဆိုတာ ဂျပန် ပြည်သူတွေရော၊ အစိုးရရော၊ ဂျပန် မီဒီယာတွေရောကို ရှင်းလင်း ပြချင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး Seminar တခု လုပ်မယ်လို့ ဖိတ်ကြားခံရတဲ့အတွက် ကျနော်တို့ တိုင်းရင်းသား အဖွဲ့ပေါင်းစုံက ကိုယ်စားလှယ်တွေက သွားကြတာပါ” ဟု ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမကို ပြောသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို ကြာသပတေးနေ့တွင် ကျင်းပမည် ဖြစ်ပြီး တိုင်းရင်းသားများ၏ အခက်အခဲ ဒုက္ခများအပေါ်၌ လူသားချင်း စာနာမှု အကူအညီများ ပေးအပ်နိုင်ရေး အတွက် အဓိကထား ပြောဆို ဆွေးနွေးကြမည် ဖြစ်သည်။

ထိုသို့အကူအညီ ပေးနိုင်ရန် အတွက်လည်း လွန်ခဲ့သည့် နှစ်လခန့်က နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်များ UNFC နှင့် ထိုင်းနိုင်ငံ၌ လာရောက် တွေ့ဆုံခဲ့ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

“ကျနော်တို့ UNFC က တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး တိုင်းရင်းသားအရေး ဆောင်ရွက်နေတဲ့ အပေါ်မှာ သူတို့က အသိအမှတ် ပြုတယ်။ လိုအပ်တဲ့ အကူအညီတွေ ကိုလည်း သူတို့ဘက်က ပေးချင်တယ်” ဟု မဇ္စျိမကို
ပြောသည်။

“အကူအညီပေးမယ့် အပိုင်းမှာကတော့ တဆင့်ချင်းစီ ဆက်လုပ်ဆောင် သွားကြရဦးမှာပါ။ အခု ပထမအဆင့် အနေနဲ့ အကူအညီ ပေးဖို့ကို နှစ်ဖက် သဘောတူထားရုံပဲ ရှိသေးတယ်။ ဘယ်လောက် အကူအညီပေးမယ်၊ ဘယ်လို ကဏ္ဍတွေမှာ အကူအညီ ပေးမယ် ဆိုတာတော့ အသေးစိတ် ဘာမှ မဆွေးနွေး ရသေးဘူး” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

တိုင်းရင်းသားများနှင့် အစိုးရတို့ ဆက်လက် တွေ့ဆုံဆွေးနွေး၍ မြန်မာ့ နိုင်ငံရေးအတွက် အဖြေရှာကြရန် အားပေး အားမြှောက် ပြုသွားမည်ဟု UNFC နှင့် တွေ့ဆုံစဉ် နိပွန် ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။ ဒီဇင်ဘာလ အတွင်း ထပ်မံ လာရောက်နိုင်ဖွယ် ရှိသည်။

နိုင်ငံကြီးများမှ အစိုးရများက မြန်မာအစိုးရနှင့် တဖက်သတ် ဆက်ဆံလာရာမှ ယခုကဲ့သို့ တိုင်းရင်းသား များအား နေရာပေး ဆက်ဆံလာသည်ကိုလည်း ကြိုဆို၍ တိုင်းပြည် ပြန်လည် ထူထောင်ရေးအတွက် လမ်းစကောင်းဖြစ်ကြောင်း UNFC ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သုံးသပ်သည်။ ယခု သွားရောက်မည့် ဂျပန် နိုင်ငံ ခရီးစဉ်သည် တစ်ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

၎င်းဖောင်းဒေးရှင်း၏ ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ် အတွင်း၌ မူလတန်း ကျောင်းပေါင်း ၂ဝဝ ခန့် ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။

နိပွန် ဖောင်ဒေးရှင်းသည် ၁၉၆၇ ခုနှစ်မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၂ဝ ခန့် ကူညီ ထောက်ပံ့ခဲ့ပြီး ကျန်မားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ အသုံးပြုခဲ့သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်းခဲ့သည့် နိပွန်ဖောင်ဒေးရှင်းကို ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။