KIO နှင့် ဆက်သွယ်မှုဖြင့် ကချင်အမျိုးသားတဦး ထောင်ဒဏ် ချမှတ်ခံရ

KIO နှင့် ဆက်သွယ်မှုဖြင့် ကချင်အမျိုးသားတဦး ထောင်ဒဏ် ချမှတ်ခံရ
by -
မဇ္ဈိမ

ဖားကန့်မြို့နယ်၊ မရှီကထောင် ကျေးရွာမှ ကချင်အမျိုးသား ဦးမဂျန် ရော်ထုန်အား မြစ်ကြီးနားမြို့နယ်တရား ရုံးက တောတွင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၈ လ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ဧမာနွေလ နှစ်ခြင်းအသင်းတော်မှ ဆရာအင်ခွန်(မ်) နန်နော် က ပြောသည်။

ဖားကန့်မြို့တွင် ဗုံးခွဲမှု စွပ်စွဲချက်ဖြင့် တနှစ်နှင့် နှစ်လကျော် ဖမ်းဆီးထားပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ပြန်လည် တရားစွဲဆိုကာ သောကြာနေ့ ညနေ ၅ နာရီကျော် အချိန်က မြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သင်းထောက် ဆရာနန်နော် က “အခုပဲ ၁၇ (၁) နဲ့ ၈ လ ချတယ်။ မသင်္ကာမှုနဲ့ ဖမ်းတာတော့ အခု သူ့ကို KIA ရဲဘော်ဆိုပြီး စွပ်စွဲပြီးတော့ ချလိုက်တယ်” ဟု ပြောဆိုခဲ့ပြီး ဦးရော်ထုန်မှာ ကျန်းမာရေး ကောင်းမွန်၍ မြစ်ကြီးနား ထောင်တွင် အကျဉ်းကျခံနေရသည်ဟု  မဇ္စျိမကို ပြောသည်။

ဦးရော်ထုန်အား KIO က အမိန့်စာဖြင့် ခေါ်ယူခဲ့၍ စစ်သင်တန်း တလ တက်ရောက်ခဲ့ ပြီးနောက် မိသားစုတဦး သေဆုံးသွားသဖြင့် မိမိနေအိမ်သို့ ပြန်လာရာမှ (သမီး တဦးကလည်း ၁ဝ တန်းကျောင်းတက်ရောက်နေ၍) KIO တပ်သို့ မသွားတော့ဘဲ နေအိမ်တွင်သာ နေထိုင်နေသူ ဖြစ်သည်ဟု နီးစပ်သူ ရှေ့နေ တဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၇ (၁) ဖြင့် ကချင် အမျိုးသား သုံးဦးအား အမိန့်ချမှတ်ခဲ့ရာ နှစ်ဦး လွှတ်ပေးလိုက်သည်ဟု အမှုအား ကူညီပေးခဲ့သူ ရှေ့နေ ဘန်ထွယ် က ပြောသည်။

ဝိုင်းမော်မြို့နယ် ဝရံကျေးရွာမှ ကိုဒရန်ခင်၊ ကိုမရန်တိန်းခေါ တို့ လွတ်မြောက်သွားပြီး အောင်မြေ(၁) ကျေးရွာမှ ကိုနော်ထွဲ အား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီအတွက် ဆက်ပြီး အယူခံနေတယ်။ သူတို့က တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတာ လမ်းမှာ အစိုးရစစ်တပ်က တွေ့လို့ KIO စစ်သားဆိုပြီး ဖမ်းဆီးခံရတာ” ဟု ရှေ့နေက မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့ကလည်း KIO အား သတင်းပေးခြင်း၊ ဆက်သွယ်ခြင်းဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ ဝိုင်းမော် မြို့နယ် ဂါးရားယန်ကျေးရွာမှ အသက် ၅ဝ နှစ်အရွယ် ဦးဘောမ်ဇုန် ကိုလည်း ပြစ်မှုထင်ရှားမရှိ၍ ပြန်လည် လွတ်မြောက်လာသည်။

ကချင်ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်၍ အစိုးရနှင့် KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဗုံးဖောက်ခွဲမှု၊ မတရားအသင်း ဥပဒေတို့ဖြင့် ဖမ်းဆီးခံရသူ ရဝ ဦး ခန့်ရှိသည်ဟု ရှေ့နေ ဦးဂျီမာခါး က မဇ္စျိမကို ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့နယ် တရားရုံးက ၁၇ (၁) ဖြင့် ဖမ်းဆီးခံရသူများကို ပြစ်ဒဏ်ချမှတ်မှုများ ရှိနေရာ ယနေ့ထိ သုံးဦးသာ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ အများအားဖြင့် အနည်းဆုံး ထောင်ဒဏ် ၆ လမှ ၂ နှစ်ထိ ချမှတ်နေသည်ဟု သိရသည်။