ပုဒ်မ ၁၄၄ ထုတ်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ

ပုဒ်မ ၁၄၄ ထုတ်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နို်င်ငံ ကော့စ်ဘဇား ရာမူးတွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ တိုက်ခိုက်ခံရပြီး နောက် အခင်းဖြစ်ပွားရာ ဒေသများတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး  ယခုအခါ ပြည်ထဲရေး ၀န်ကြီးမှ စုံစမ်းရေး ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း တိုက်ခိုက်မူများမှာ ရပ်မသွားဘဲ ယမန်နေ့ ညနေပိုင်းထိ ဆက်လက် ဖြစ်ပွားခဲ့သည်။

“ ကျွန်တော်တို့ ၀ါးခွပ်ချောင်း စျေးနားရွာကို ညနေ (၇) နာရီမှာ လာတိုက်ခိုက်ပါတယ်။ လာတိုက် ခိုက်ခဲ့တဲ့ လူပေါင်းက ၁၀၀၀ ကျော် ပါ၀င်တယ်။ အိမ် (၇) အိမ် မီးရှို့ခံရပါတယ်။ ဘုန်းကြီးကျောင်းကိုလာတိုက်ခိုက် တော့ ဘီဂျီဘီ နယ်ခြားစောင့်တပ်နဲ့ ရဲက သေနတ် ၁၅ ချက်ခန့် ပစ်ခတ်တော့ လူစုကွဲပြီး ထွက်ပြေး သွားကြပါတယ်” ဒိုင်းနက် အမျိုးသား ဦးကျော်လှစိန် က ပြောသည်။

၀ါးခွပ်ချောင်းကျေးရွာမှ ဒိုင်းနက် အမျိုးသားများ နေထိုင်သောကျေးရွာ ဖြစ်ပြီး မောင်တောမြို့နယ်နှင့် မျက်နာချင်းဆိုင် ဘင်္ဂလာဒေချ့်နိုင်ငံ  နတ်မြစ် တဘက်ကမ်းတွင် တည်ရှိသည်။

တခြား ယမန်နေ့က တိုက်ခိုက်ခံရသော နေရာတခုမှာ စစ်တကောင်းမြို့ ပိုတီယာ အရပ်တွင် ဖြစ်ပြီး မာရမာကြီး (ဘရဝါ) ဘုန်းကြီးကျောင်း (၄)  ကျောင်းနှင့် ဟိန္ဒူ ကျောင်း (၁)  ကျောင်းတို့ ပျက်စီး သွားသည်ဟု သိရသည်။

ကော့စ်ဘဇားခရိုင် တောင်ပိုင်း အိုကီးယားမြို့နယ် ကုပ်ဘဇာ အရပ်တွင်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း(၃) ကျောင်း ယမန်နေ့ နေ့လည်က ဆက်လက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ရာမူး ပန်းဝါမှ ပြဿနာများ တိုးပွားလာမည်ကို စိုးရိမ်၍ မီးရှို့ခံရသော ကျောင်းမှာ (၆)  ကျောင်းဟု ရခိုင်ဒေသခံများက အရေအတွက်ကို လျော့ချ ပြောကြားသော်လည်း ယနေ့ထုတ် The Daily Star သတင်းစာတွင်  ရာမူးမြိုနယ် တစ်ခုတည်း၌ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကျောင်းမှာ ၁၂ ကျောင်း ထိ ရှိပြီး အများစုမှာ ရှေးရခိုင်များ တည်ဆောက်ထားခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် သိမ်များ ဖြစ်ကြသည်။

ယခု မီးရှို့ခံရသော ကျောင်းများကို ပြန်လည် တည်ဆောက်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားသော်လည်း ယဉ်ကျေးမူ အနုပညာများလက်ရာများ တည်ရှိရာ အဆောက်အဦးများ ဖြစ်သဖြင့် အစားထိုးမရသော ဆုံးရှံုးမူကြီး တစ်ရပ် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

အဆိုပါ ကျောင်းများထဲတွင် တချို့ကျောင်းများမှာ နှစ်ပေါင်း ၂၅၀ ခန့် ကြာမြှင့်နေပြီ ဖြစ်သည်ဟု ဆိုသည်။

ယခု လက်ရှိ ဘင်္ဂလာဒေချ့် အစိုးရနှင့် အတိုက်အခံ ဘီအန်ပီ ပါတီမှ အဆိုပါ တိုက်ခိုက်မူကို ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော်လည်း အစိုးရနှင့် အတိုက်အခံအကြားတွင်  ဗုဒ္ဓဘာသာကျောင်းများနှင့် မိသားစုများ တိုက်ခံ ခံရမူ အပေါ်  တစ်ဘက်နှင့် တစ်ဘက် ပြစ်တင် ဝေဖန်လျှက် ရှိနေကြသည်။

ဒေသခံများ၊ နိုင်ငံရေး သမားများနှင့် လုံခြံုရေး တပ်ဖွဲ့ဝင်များကမူ  ယခု တိုက်ခိုက်မူကို အစွန်းရောက် စစ်သွေးကြွ များနှင့် ရိုဟင်ဂျာများက နောက်ကွယ်က  လုံဆော် လုပ်ဆောင်သည်ဟု  သံသယ ဖြစ်နေကြောင်း ယနေ့ထုတ် The Daily Star က ပြောသည်။

ယခုအခါ အဖမ်းအဆီးများ ရှိနေပြီး ပိုတီယာတွင် တိုက်ခိုက်သူ ၂၆ ဦးကို ရဲက ဖမ်းဆီးခဲ့သည်။ ယခုအခါ နေရာအတော်များများတွင် လူစု လူဝေး မလုပ်ရဟု တားမြစ်ထားပြီး အမိန့်မနာခံသူများကို ပစ်ခတ်သွားရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

ယခု အရေးအခင်းမှာ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်း မဟုတ်ဘဲ ဆူပူလိုသူများမှ တိုင်းပြည် တည်ငြိမ်ရေးကို မလိုလားသဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် သတင်းပြန််ကြားရေး ၀န်ကြီး မစ္စတာ အီနုရ်က သတင်းထောက်များသို့ ပြောသည်။

ဘင်္ဂလာဒေချ့် ပြည်သူအများစုက ယခုကဲ့သို့ ငြိမ်းချမ်းစွာ နေထိုင်သော လူနည်းစု ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မူကို မလိုလားကြကြောင်း သိရသည်။

တိုက်ခိုက်မူ အတွင်း ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးခိုလုံခဲ့ကြရပြီး အများစုကို စိတ်ကောင်း စေတနာကောင်းရှိသူ မွတ်ဆလင် ဘင်္ဂလီများက နေအိမ်များတွင် ခိုလုံခွင့်ပေးထားခဲ့ကြောင်း သိရသည်။

ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရစဉ် အတွင်း ရွာကြီးဘက် ကျောင်းဆရာတော်ကို သူနှင့် ရင်းနှီးသူ မွတ်ဆလင် ဘင်္ဂလီ လူူငယ် တစ်စုက ကယ်တင်ကာ ဆရာတော်အား ၎င်းတို့နေအိမ်တွင် နေရာချပေးထား ကြောင်း ဆရာတော်က နိရဥ္စရာသို့ မိန့်ကြားသွားသည်။

Most read this week