ဒိန်းမတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား ရှိလှသော်လည်း ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အပေါ် အားမလိုအားမရဖြစ်နေသေး ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး Mr. Mikael Hemniti Winther က ပြောဆိုလိုက်သည်။
သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ဒိန်းမတ်နှင့် မြန်မာ လုပ်ငန်းရှင်များ ဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို မျှော်လင့်ချက် ထားထားပေမယ့် လက်ရှိ ကြားနေရတာတွေကို သိပ်မကြိုက်ဘူး။ ဒီဥပဒေက မြန်မာနိုင်ငံက လူတွေအတွက် အကျိုးရှိသလို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ အကျိုးရှိအောင် စိတ်ဝင်စားမှုရှိစေတဲ့ ဥပဒေမျိုး ဖြစ်သင့်တယ်” ဟု သံအမတ်ကြီးက ဆိုသည်။
ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UNFCCI ရုံးတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ လုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ ဒိန်းမက်နိုင်ငံမှ Mr. Mikael Hemniti Winther ဦးဆောင်၍ Pandora Production Co., Ltd, Mascot, Rohde Nielsen, Maersk Line စသည့် ဒိန်းမတ် ကုမ္ပဏီ ငါးခုတက်ရောက် ခဲ့ပြီး မြန်မာ လုပ်ငန်းရှင်များ နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာမှာ အလွန်ကောင်းမွန်သော အခြေအနေတွင်ရှိကာ တချိန် တည်းတွင် အခြေခံအဆောက်အအုံများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုုက် ဥပဒေများ တိကျခိုင်မာစွာရှိသင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်လည်း ဒိန်းမတ်နိုင်ငံအတွက်သာမကဘဲ အခြားနိုင်ငံခြားသားတွေအတွက် လုပ်ကိုင်နိုင်သော အခြေအနေတွေ ဖန်တီးပေးသင့်ကြောင်း Mr. Mikael က ဆိုသည်။
“အခုလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အစားအသောက် လုပ်ငန်းနဲ့ ဘိလပ်မြေကုမ္ပဏီနဲ့ သင်္ဘောကုမ္ပဏီတွေ ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် မြန်မာလုပ်ငန်းရှင်တဦးကလည်း မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် အခြား အခြေခံ အဆောက်အဦပိုင်းတို့တွင် အားနည်းနေသေးကြောင်း ပြောဆိုသည်။
“ဒိန်းမတ်နိုင်ငံဆိုလည်း ဖွံ့ဖြိုးပြီးသား တိုင်းပြည်ဖြစ်တဲ့အတွက် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ကိုယ့်နိုင်ငံ အတွက် အကျိုးရှိမှာပါ။ မြန်မာနိုင်ငံအနေနဲ့က နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ ဘဏ်လုပ် ငန်းပိုင်းကတော့ အားနည်းနေသေးတယ်။ အခြေခံအဆောက်အအုံပိုင်းတွေ ပြင်ဆင်ထားဖို့ လိုအပ်တယ်” ဟု ပြည်တွင်းလုပ်ငန်းရှင် ဦးမြအေး က ပြောသည်။
အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုသည် အံ့သြဖွယ်ရာ တိုးတက်လာပြီး ယင်းအခြေအနေ တွင် ဒိန်းမတ်နိုင်ငံမှ လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပို၍ပြုလုပ်လို ကြောင်း မြန်မာနိုင်ငံတွင် သစ်လုပ်ငန်းဆောင်ရွက်နေသူ ဒိန်းမတ်နိုင်ငံမှ Sanfock Wood Industries Limited ပိုင်ရှင် Mrs.Helle Albertsen Baoh က ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ သတ္တုတွင်းလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် အခြားလုပ်ငန်း အချို့တွင် ရင်းနှီးမြှုပ် နှံမှုများ ပြုလုပ်လျက်ရှိသည့် ဒိန်းမတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် လွန်ခဲ့သော ဖေဖေါ်ဝါရီလအတွင်း လည်းမြန်မာနိုင်ငံသို့ လာရောက်၍ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။