အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင်

အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင်
by -
မဇ္ဈိမ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်များအား ကုမ္ပဏီဘက်မှ ဖေါက်ဖျက်သည်ဟု အလုပ်သမား များက စွပ်စွဲကာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO သို့ စနေနေ့က တိုင်ကြားထားသည်။

အကျိုးအမြတ်အား သုံးချိုးတချိုး ခွဲဝေယူရန်နှင့် နစ်နာကြေးပေးရန် အပါအဝင် စာချုပ်ပါ သဘောတူညီ ချက်များကို ကုမ္ပဏီဘက်မှ ချိုးဖောက်နေ၍ အဓ္မမ ခိုင်းစေမှုဖြင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ ဦးသက်ဝေ က ပြောသည်။

“စာချုပ်အတိုင်း နစ်နာကြေး မပေးတဲ့အတွက် အဓမ္မခိုင်းစေရာ ရောက်တယ်။ အဓမ္မခိုင်းစေမှုကို လက်ရှိမြန် မာနိုင်ငံမှာ အစိုးရသစ်နဲ့ ILO ကြားမှာ ချုပ်ဆိုထားတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေး နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာအရ ILO ကို တင်ပြထားတယ်။ ILO ကလည်း (တင်ပြစာကို လက်ခံပါတယ်)” ဟု မဇ္စျိမကို ရှင်းပြသည်။

မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ချီတက် ဆန္ဒပြကြရာ ခရီးတထောက် ရွှေမြင်တင်ဘုရား၌ စခန်းချစဉ် ဇွန်လ ၁၄ ရက်နေ့က ကုမ္ပဏီနှင့် ရွှေလုပ်သားများက အချက် ၆ ချက်ပါ နှစ်ဘက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ရွှေလုပ်ကွက်များ ရှိရာ ဒေသများသည် ရာသီဥတု ဆိုးရွားခြင်း၊ လုပ်ခလစာ မလုံလောက်ခြင်း တို့ကြောင့်လည်း
ရွှေလုပ်သားတို့မှ အဆိုပါလုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုခြင်း မရှိတော့ဟု လုပ်သားတဦးဖြစ်သူ ဒေါ်မြင့်မြင့်သန်း က ပြောသည်။

“ဆန် လေးဗူးလောက် ရှိတဲ့ဟာကို လူရှစ်ယောက်က ဝေမျှစားပြီး မျှစ်ချိုးစားရတဲ့ အဖြစ်တွေ ကြံုနေရတော့ အင်းသားတွေကလည်း တကွဲတပြားတွေဖြစ်ပြီး ပြန်ကုန်ကြတယ်။ အဲလိုမျိုးဖြစ်သွားတဲ့အခါ အစ်မတို့မှာလည်း ဆက်လုပ်လိုစိတ် မရှိတော့ဘူး” ဟု မဇ္စျိမကို ပြောသည်။

မိုးထိမိုးမိ ရွှေလုပ်သားများက ၎င်းတို့၏ နစ်နာချက်များကို သြဂုတ်လ ၃ ရက်နေ့တွင် သမ္မတရုံးနှင့် ILO ထံသို့ တင်ပြခဲ့သေးသည်။ သြဂုတ် ၂ဝ ရက်နေ့တွင် မန္တလေးတိုင်း သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က အဆိုပါဒေသသို့ လာရောက် ခဲ့သော်လည်း တရားစွဲဆိုရန်သာ မှတ်ချက်ပေးခဲ့သည်ဟုလည်း သိရသည်။

“အာဏာပိုင် လူကြီးကိုယ်တိုင်က သူကိုယ်တိုင်သိပြီး နှစ်ဦးသဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါလျက်နဲ့ ဒီလို တရားစွဲဖို့ပဲပြောတော့ ဘယ်ဟာကို အားကိုးလို့ ဘယ်ဟာကို ယုံကြည့်ရမလဲ” ဟု ဒေါ်မြင့်မြင့်သန်း က ပြောသည်။

မိုးထိမိုးမိဒေသရှိ ရွှေလုပ်သားများသည် ဇွန် ၁ ရက်နေ့မှ ရ ရက် အထိ ဆန္ဒပြမှုများ ဖြစ်ခဲ့ပြီး စက်တင်္ဘာလ ၅ ရက်နေ့ နောက်ဆုံးထား၍ နစ်နာမှုများ လိုက်လျောခြင်းမရှိပါက ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်သွား မည်ဟု လည်း ပြောသည်။

ရွှေလုပ်သားများက ၈၈ မျိုးဆက် ကျောင်းသားများကိုလည်း အကူအညီ တောင်းခံထားရာ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေ အကြောင်းအရာများ သိနားလည်ရန်နှင့် တရားရင်ဆိုင်ရန် စရိတ်တို့ကိုလည်း ၈၈ ကျောင်း သားများမှ ကူညီပေးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။