ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သက်သည့် သမ္မတ သဝဏ်လွှာ ကန့်ကွက်ခံရ

ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သက်သည့် သမ္မတ သဝဏ်လွှာ ကန့်ကွက်ခံရ
by -
မဇ္စျိမ

သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့က ဖတ်ကြားရန် စီစဉ်ထားခဲ့သော်လည်း သဝဏ်လွှာနှင့်အတူပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် မှတ်တမ်းတွင် ရခိုင်အမျိုး သားများကို အကြမ်းဖက်လုပ်ဆောင်နေဟန် စွပ်စွဲချက်ကို  ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က သဘောမတူကြောင်း ကန့်ကွက်သဖြင့် ပျက်ပြားသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်သည့် သမ္မတ၏ သဝဏ်လွှာကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ကန့်ကွက် (ဓါတ်ပုံ မဇ္စျိမ)
မဇ္ဈိမက လက်ခံရရှိထားသော မှတ်တမ်းမိတ္တူတွင် အသေအပျောက်ရှိခဲ့သော လူမှုအဖွဲ့ ပဋိပက္ခကြီးနှင့် ပတ်သက်၍ ရခိုင်နှင့် ဘင်္ဂါလီများအပေါ် သုံးသပ်ချက်များနှင့် အစ္စလာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ပြီး လူသားဝါဒ ထွန်းကား စေလိုသော သမ္မတဦးသိန်းစိန်၏ ဆန္ဒကိုလည်း ရေရှည်အစီအမံများအဖြစ် တွေ့ရသည်။

အငြင်းပွားစရာ ဖြစ်ခဲ့သော သုံးသပ်ချက်အနက် "ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဟူသော" ခေါင်းစဉ်အောက်တွင် စုစုပေါင်း အချက်ကိုးချက် ပါရှိသည့်အနက် ပဋိပက္ခကြောင့် နှစ်ဘက်လုံးတွင် စိတ်ပိုင်းဆို်င်ရာ ထိခိုက်ခံစားလျှက်ရှိပြီး အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်ဆိုသော အချက်မှတပါး ကျန်အချက်များကို အတိုက်အခံ ရခိုင်ပါတီမှ အမတ် ၁၄ ဦးက သဘောမကျခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်သည့် သမ္မတ၏ သဝဏ်လွှာကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ကန့်ကွက် (ဓါတ်ပုံ မဇ္စျိမ)

"နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓာတ်ကို အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှု့ံဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။" ဟုဖော်ပြထားသလို "ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန် အဆက်မပြတ် ကြံစည်လုပ်ဆောင်လျှက်ရှိသည်"ဟု စွပ်စွဲထားသည်။

"ကျနော်တို့မှာ အကြမ်းဖက်လိုစိတ် လုံးဝမရှိပါဘူး။ အဲဒါကို အကြမ်းဖက်ရန် ကြံစည်နေတယ်ဆိုတော့ ကျနော်တို့ကို အကြမ်းဖက်သမားအဖြစ် အပြစ်တင်နေတော့ ကျနော်တို့က ဘယ်လိုလုပ်ခံနိုင်မလဲ။ ကျနော်တို့က အကြမ်းဖက်သမားလား။ အစဉ်အလာကော ရှိလား။" ဟု RNDP ပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

"အချင်းချင်း တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းဆိုတာ အင်မတန် မြင့်မားတဲ့ စွပ်စွဲချက်ဗျ။" ဟုလည်း သူက ပြောသည်။ 

သုံးသပ်ချက်တွင် နိုင်ငံသားဖြစ်မှု ဥပဒေအရ ရိုဟင်ဂျာဟုလည်း အသိများသော ဘင်္ဂါလီမူဆလင်များ နိုင်ငံသား
ဖြစ်နိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်ခြင်း မရှိဟု ပါရှိသည်။

ထို့အပြင် ရခိုင်စီးပွားရေး လုပ်ငန်းရှင်အချို့က ပဋိပက္ခကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းကို အချောင်ယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။

လူဝင်မှုကြီးကြပ်ရေး အရာရှိများ အဂတိလိုက်ကာ ဘင်္ဂါလီများ ခိုးဝင်နေမှုကို ထိရောက်စွာ တားဆီးခြင်းမရှိဟု ရခိုင် အများက စွပ်စွဲသည်ကိုလည်း ထဲ့သွင်းဖော်ပြထားသလို ကုလသမဂ္ဂနှင့် နို်င်ငံတကာ အန်ဂျီအိုများကို အငြိုးထားကာဒေသတွင် မနေရဲအောင် လုပ်ကိုင်လာသည်ဟု ပါရှိသည်။

ထို့အပြင် အာဏာရ ကြံ့ခိုင်ရေးပါတီက မဲရရေးအတွက် ဥပဒေကို မျက်ကွယ်ပြုပြီး ဘင်္ဂါလီများအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲခြင်းကိုလည်း ဖော်ပြထားသည်။

မှတ်တမ်းအရ မေ ၂၈ ရက်မှ သြဂုတ် ၈ ရက်နေ့အတွင်း  ရခိုင်ပြည်နယ်တွင်းရှိ မြို့ရှစ်မြို့နယ်တွင် ဆူပူအကြမ်းဖက်မှု များကြောင့် ၈၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂၀ ရှိခဲ့သည်ဟု သိရသည်။ ဒုက္ခသည်စခန်း ၅၃ ခုတွင် ခြောက်သောင်း တထောင်ကျော်ကို စောင့်ရှောက်ထားရကာ အများစုမှာ ဘင်္ဂါလီများ ဖြစ်သည်။

သုံးသပ်ချက်တွင် ဘင်္ဂါလီများနှင့် ပတ်သက်၍ ဘာသာရေး အစွန်းရောက်နှင့် သာမန်လူများ ကွာခြားမှုကို အသိအမှတ်ပြုထားပြီး လူဦးရေ၏ ရ၅ ရာခိုင်နှုန်းဖြစ်သော အမျိုးသမီးနှင့် ကလေးများ၏ အသက်မွေးဝမ်းကျောင်းမှု ခက်ခဲမှုကို ဖော်ပြထားသည်။

အစွန်းရောက် ဘင်္ဂါလီခေါင်းဆောင်များက ဘာသာရေးမှိုင်းသွတ်သွင်း၍ အပြစ်မဲ့သူများကိုဗန်းပြကာ အစ္စလာမ်နိုင်ငံများနှင့် အစွန်းရောက် အစ္စလာမ် အဖွဲ့အစည်းများထံမှ အလှူခံစားလျက်ရှိသည်ဟု ပါရှိသည်။

"ဒုက္ခဆင်းရဲမှု အခြေအနေကို ဗန်းပြ၍ နိုင်ငံတကာ၏ အမြင်တွင် လူသားချင်းစာနာမှုရှု့ထောင့်မှ အသာစီးရရန် ကြိုးစားလျက်ရှိသည်။" ဟု စွပ်စွဲထားသည်။

ငြိမ်းချမ်းသာယာရေးအတွက် အစိုးရဘက်က ဆောင်ရွက်နေသော လတ်တလောနှင့် ရေရှည်ဖြေရှင်းချက်များ ကိုလည်းဖော်ပြထားပါသေးသည်။

နှစ်ဘက်ကိုယ်စားလှယ်များပါသော လူဝင်မှုစာရင်းမှန် ရရှိရေးဆောင်ရွက်ခြင်း၊ လုံခြံုရေးတိုးမြှင့်ကာ တရားဥပဒေ စိုးမိုးမှုရှိအောင်လုပ်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသို့ သာမက သတင်းအမှန်များ  ထုတ်ပြန်ပေးခြင်းတို့မှာ လတ်တလောလုပ်ငန်းများတွင် ပါဝင်သည်။

ရေရှည်အစီအမံများအနက်  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတလျောက် ကွန်ကရစ်ပတ်လမ်းများ တည်ဆောက်ရေး၊ လူမျိုးစုများ၏ ထိတွေ့မှုနှင့် ရင့်ကျက်မှုကို ပျိုးထောင်ပေးခြင်း၊ စစ်တွေမြို့ပြ စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် စစ်တွေ-မောင်တော မြစ်ကူးတံတား တည်ဆောက်ရေးတို့ ပါဝင်သလို ဘင်္ဂါလီများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသိပညာ ဗဟုသုတ မြှင့်တင်ပေးကာ ပိုမိုပွင်လင်းသော လူ့အဖွဲ့အစည်း ဖြစ်လာအောင် ကူညီပေးခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးများလုပ်ရန်တို့ ပါဝင်သည်။

ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား မြေယာခွဲဝေမှု အငြင်းပွားမှု မရှိအောင် ဆောင်ရွက်ရေးနှင့် စီးပွားရေး ဘက်တွင် အိန္ဒိယနို်င်ငံ၊ ဘင်္ဂလားဒေ့ရှ်နို်င်ငံတို့နှင် ပူးပေါင်းဆောင်ရွက်ရေး စီမံထားကြောင်း ပါရှိသည်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးအောင်လုပ်ဆောင်မည်ဟု ပါရှိသည်။

အစ္စလာလမ်ဘာသာရေး အစွန်းရောက် အရင်းအမြစ်များကို ရှင်းလင်းသွားမည်ဟု ဆိုထားပြီး အစွန်းရောက် အစ္စလာမ်ဝါဒီတို့၏ အခြေခံနယ်မြေဖြစ်သော မောင်တောတွင် "အဆမတန်များပြားနေသော ပလီများ၊ အာရဗီကျောင်းများနှင့် မော်လဝီဆရာများလျော့ချရေး"ကို ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ဘင်္ဂါလီများအကြား လူဦးရေ အလွန်အကျွံ တိုးပွားမှုအပေါ် ကိုင်တွယ်သွားမှာဖြစ်သလို မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လေးစား ဂုဏ်ယူလာစေရန် ဆောင်ရွက်မည်ဟုဆိုသည်။