ဇူလိုင်လအတွင်း ဘိန်းဖြူ ၁၁၆ ကီလိုနှင့် အဖက်တမင်း ဆေးပြား ၁ ဒဿမ ၄ သန်းကို ဖမ်းဆီးရမိလိုက်ပြီးနောက်မြန်မာနိုင်ငံတွင် အဖက်တမင်း မူးယစ်ဆေးဝါးပြဿနာသည် `အလွန်အန္တရာယ်ရှိ´ သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားလိုက်သည်။
“အခြေအနေ ပိုဆိုးလာပါတယ်။… ၂၀၁၄ ခုနှစ်မှာ မူးယစ်ဆေးဝါး ကင်းစင်စေရပါမယ်လို့ ကတိပြုထားပေမယ့် ဘိန်းမဲပဲ ကင်းစင်နိုင်ပါလိမ့်မယ်။ စိတ်ကြွဆေးကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတဦးက မကြာသေးခင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်မှုခင်းပေါင်း ၃၄၂ မှု ဖြစ်ပွါးခဲ့ပြီး မသင်္ကာသူ ၄၇၃ ဦးကို ဖမ်းဆီးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့က သတင်းဖော် ပြခဲ့သည်။
စိတ်ကြွဆေးအများစုကို မြန်မာနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့လည်း ၀င်ရောက်လာနေကြောင်း တာဝန်ရှိသူများက ပြောသည်။
ဘိန်းစိုက်ပျိုးမှုနှင့် အဖက်တမင်းဆေးပြား ထုတ်လုပ်မှုသည် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အတွက် ငွေဝင်လမ်းတခု ဖြစ်ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆိုအရ ရှမ်းပြည်နယ်သည် မက်တာအဖက်တမင်း ထုတ်လုပ်သည့် အဓိကနေရာ ဖြစ်ကြောင်း သိရသည်။ ၁၉၉၈ မှ ၂၀၁၀ ခုနှစ်အတွင်း အဖက်တမင်းပုံစံ စိတ်ကြွဆေး ဖမ်းဆီးရမှုသည် လျှင်မြန်စွာ တိုးပွါးလာနေကာ ၀ယ်လိုအား မြင့်တက်မှုကြောင့် သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း ကုလ က ပြောသည်။
“ကုလ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) အား ရှမ်းပြည်နယ်တွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ခွင့် ပြုထားသည့်နရာများအား အစိုးရတာဝန်ရှိသူများက ထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့် ပြုခဲ့သဖြင့်လည်းကောင်း၊ မကြာသေးမီက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြောင့်လည်းကောင်း ကုလ မူးယစ်ဆေးဝါး အေဂျင်စီအနေဖြင့် အားတက်မိကြောင်း” ပြောဆိုခဲ့သည်ကို မဇ္ဈိမ က ဇူလိုင်လအတွင်းက သတင်းပေးပို့ခဲ့သည်။
“ကာလကြာရှည်နေပြီဖြစ်တဲ့ ဆင်းရဲမွဲတေမှုရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ရင်၊ ကျေးလက် စားနပ်ရိက္ခာ မလုံလောက်မှုကို လျှော့ချပေးနိုင်ရင်၊ လက်နက်ကိုင်ပဋိပက္ခကို လျော့ပါးသွားအောင် လုပ်နိုင်ရင် ဘိန်းစိုက်
တောင်သူတွေကို ဘိန်းခင်းတွေဆီ မသွားအောင် လုပ်နိုင်ပါလိမ့်မယ်” ဟု UNODC ဘန်ကောက်ရုံး ကိုယ်စားလှယ် ဂယ်ရီလူးဝစ်စ် က ဆိုသည်။
တောင်သူများအား ဤသို့ အသွားနှစ်ဘက်ရှိသော ၀င်ငွေရလမ်းမှ ရှောင်ဖယ်သွားစေလိုပါက ၎င်းတို့၏ စားဝတ်
နေရေးကို တနည်းတဖုံ ဖြည့်ဆည်းပေးရန် လိုကြောင်းလည်း သူက ပြောသည်။
“ဒီလုပ်ငန်း ထိရောက်ဖို့ဆိုရင် တောင်သူတွေကို သူတို့စားဝတ်နေရေး ရေရှည်ဖူလုံစေမယ့် အခြား နည်းလမ်းတွေ
ဖြည့်ဆည်းပေးဖို့ လိုမယ်။ တောင်သူတွေ ဘိန်းစိုက်တာ စားနပ်ရိက္ခာ ၀ယ်ဖို့ပါ။ ကြွေးဆပ်ဖို့ပါ။ ကျန်းမာရေး အသုံးစရိတ်နဲ့ ကျောင်းလခ ပေးနိုင်ဖို့ပါ” ဟု ဂယ်ရီလူးဝစ်စ် က ပြောသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း UNODC နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ဘိန်းစိုက်
တောင်သူများကို ဘိန်းမစိုက်ရန် ဆွဲဆောင်သည့်အနေနှင့် စားဝတ်နေရေး ပြေလည်စေရန် အဖြေရှာပေးခဲ့သည်။ လမ်းများ ဖောက်ပေးခဲ့သည်။ ဆည်မြောင်း တာတမံနှင့် ရေကြောင်း သွားလာရေးအတွက် ကူညီခဲ့သည်။ ရပ်ရွာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ လုပ်ကိုင်ပေးခဲ့သည်။
ဥရောပသမဂ္ဂနှင့် ဂျပန်နှင့် ဂျာမဏီအစိုးရများက ပေးအပ်သော ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော UNODC ၏ အခြားနည်း ဖွံ့ဖြိုးမှု အကူအညီများသည် မကြာသေးခင် အချိန်အထိ ရှမ်းပြည်နယ် တောင်ပိုင်းရှိ သုံးမြို့နယ်တွင်သာဆောင်ရွက်နိုင်သည့် အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းများ ဖြစ်နေသည်။ ယင်းသည် ရှမ်းပြည်နယ်တခုလုံးနှင့် တနိုင်ငံလုံးအတွက် လိုအပ်နေသော အခြေခံ အဆောက်အအုံများ၊ စျေးများ၊ ကျောင်းများ၊ ရေရှည် တည်တံ့နိုင်မည့် စားဝတ်နေရေး လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် မလုံလောက်ပါ။
အစိုးရတပ်များနှင့် တိုင်းရင်းသားနှင့်နိုင်ငံရေး သူပုန်အဖွဲ့အစည်း အမျိုးမျိုးအကြား ရာစုနှစ် တဝက်ကျော်ကြာဖြစ်ပွါးနေသော ပြည်တွင်းပဋိပက္ခကြောင့် နိုင်ငံမှာ အစိတ်စိတ် ကွဲပြားနေရပြီး မတည်ငြိမ်မှုနှင့် ဆင်းရဲမွဲတေမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု UNODC က ပြောသည်။
ကရင် လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) အပါအဝင် မြန်မာပြည်တာင်ပိုင်းမှ တပ်ဖွဲ့များနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့
ခြင်းကြောင့် ယခင်က မသွားရောက်နိုင်ခဲ့သော ဒေသများသို့ ယခု သွားရောက်နိုင်ခဲ့သည်။
UNODC ၏ လေ့လာမှုအရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၀ ခုနှစ်တွင် ၃၈,၁၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၄၃,၆၀၀ ဟက်တာအထိ ရှိလာခဲ့သည်ဟု ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စစ်တမ်းတွင် ဖော်ပြထားသည်။ ယင်းစိုက်ပျိုးမြေ အများစုသည် ရှမ်းပြည်နယ်အတွင်း ရှိသည်ဟုလည်း ဆိုသည်။ သို့သော် အစိုးရအနေဖြင့် ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း ဘိန်းစိုက်မြေ စုစုပေါင်း ၆,၁၂၄ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း ၅,၁၃၆ ဟက်တာသာ ဖျက်ဆီးနိုင်ခဲ့ သည် ဟု စစ်တမ်းက လေ့လာဖော်ပြထားသည်။
နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုတွင် အိမ်ထောင်စုပေါင်း ၂၄၆,၀၀၀ ပါ၀င်ပတ်သက်နေပြီး ယင်းတို့အထဲမှ ၉၁ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်မှ ဖြစ်သည်ဟု UNODC ၀ဘ်ဆိုက်၏ မေလ ဆောင်းပါးတွင် ရေးသားထားသည်။
ဘိန်းတိုက်ဖျက်ရေးသည် မြန်မာအစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းများသည် သိိသိသာသာ တိုးတက်လာပြီး ဘိန်းစိုက်ခင်း အမြောက်အများကို ဖျက်ဆီးနိုင်ခဲ့သည်။
“သို့သော် ယင်းလုပ်ငန်းသည် သာမန်အားဖြင့် ဆင်းရဲပြီး ကြွေးထူသော ဘိန်းစိုက် တောင်သူများအတွက် အလွန်အထိနာသော နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ထွက်လာစေခဲ့သည်။ တောင်သူ အများအပြားသည် စားနပ်ရိက္ခာ ၀ယ်ယူရန်နှင့် မသေရုံလေး နေထိုင်နိုင်ရုံအတွက်သာ ဘိန်းစိုက်ပျိုးနေကြခြင်းဖြစ်သည်” ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။
အခြားနည်းလမ်းဖြင့် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးခြင်းမပြုဘဲ ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းကို လုပ်ဆောင်ပါက ဘိန်းစိုက်ပျိုးခြင်းမှ ရရှိသည့်ဝင်ငွေအပေါ် ရပ်တည်နေရသော အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ ပိုမိုကြီးထွားလာနိုင်ပြီး မိသားစုများကို ကျွေးမွေးနိုင်ရန်အတွက် အခြား ၀င်ငွေရလမ်းများကို ရှာဖွေကြရလိမ့်မည်ဟု UNODC မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆင် အီလေး (Jason Eligh) က ပြောသည်။
မကြာမီ ကာလများအတွင်း ဘိန်းစိုက်ပျိုးမြေ တိုးတက်လာရခြင်း အဓိကအကြောင်းများမှာ ကာလ ရှည်ကြာနေပြီဖြစ်သော ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာလုံခြံုမှု လျော့ကျလာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသတွင်း လုံခြံုမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သူက ပြောသည်။ UNODC သည် ၂၀၁၁ ခုနှစ်က စ၍ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေရှည် တည်တံ့မည့် စားဝတ်နေရေး ဖူလုံစေမည့် အခြားနည်းလမ်းများ နှင့် စားနပ်ရိက္ခာ လုံခြံုမှုရှိစေမည့် စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် ဂျာမဏီအစိုးရ တို့က ပေးအပ်သော ရန်ပုံငွေများဖြင့် ဘိန်းစိုက်ပျိုးခြင်းအပေါ် မှီခိုနေရေသော ရပ်ရွာအသိုင်းအဝိုင်းကို ကွင်းဆင်းကာ တိုက်ရိုက် အကူအညီများအဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။