အောင်မေ အောင်မတို့ရဲ့ ချစ်သောမြေ ကာကွယ်ပေးကြစေလိုတယ်

အောင်မေ အောင်မတို့ရဲ့ ချစ်သောမြေ ကာကွယ်ပေးကြစေလိုတယ်
by -
နိရဥ္စရာ

“ အမြတ်  အစွန်း ရဖို့လုပ်တဲ့ နေရာမှာ မည်သည့် အရာမှ မမှားဘူး” လို့ ခံယူထားကြတဲ့ စီးပွားရေး သမား တွေကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ သဘာဝ ပတ်ဝန်းကျင် တောတောင် ရေမြေ အလှအပ တွေဟာ မနည်း တော့ပါဘူး။

သမိုင်းဝင် မင်းဂံကျောက်တောင်အား ဖြိုဖျက် ကျောက်ထုတ်နေကြသည်။ ( ဓါတ်ပုံ- နိရဥ္စရာ)
အခုလည်း စီးပွားရေး သမားတွေကြောင့် အဖိုးတန် သဘာဝ ပတ်ဝန်းကျင် အလှအပတွေဟာ ရခိိုင်မြေမှာ တစ်ခုပြီး တစ်ခု ဆက်လက် ဖျက်ဆီး ခံနေကြရပါတယ်။ ခုလို ဖျက်ဆီးခံနေကြတဲ့ အတွက် ဒေသခံတွေရဲ့ လူနေမှုဘဝကို ထိခိုက်စေတဲ့အပြင် စိတ်ရဲ့ ခံစားမူကို ပိုဆိုးရွား လာစေပါတယ်။

အခု လက်ရှိ စီးပွားရေး သမားတွေ ဖျက်ဆီး နေကြတဲ့ နေရာတွေ အများထဲက တစ်ခုကတော့ ကျောက်ဖြူမြို့ နယ် ဝတောင်အုပ်စုက သမိုင်းဝင် အောင်မေ အောင်မ ညီအစ်မ နှစ်ဦး သေပွဲဝင်ခဲ့ကြရတဲ့ မင်းဂံကျောက် တောင်ဘဲ ဖြစ်ပါတယ်။

ဒီိကျောက်တောင်တန်း ရှည်ကြီးဟာ မင်းဂံရွာ အနောက်ဖက်မှာ  တောင်မြောက် သွယ်တန်း တည်ရှိနေတဲ့ အတွက် ဘင်္ဂလား ပင်လယ်အော်က ဝင်ရောက်တဲ့ သဘာဝ ဘေးအန ္တရာယ်တွေကို ကာကွယ်ဖို့ ဒေသခံတွေ ကို ပေးအပ်ထားတဲ့ သဘာဝ လက်ဆောင်မွန် ဖြစ်ပါတယ်။

မင်းဂံ ကျောက်တောင်ဟာ ကျောက်တောင်တန်း တခုဖြစ်ပေမယ့် အမြဲစိမ်းလန်းတဲ့ သစ်ပင်တွေနဲ့ နုပျို နေပါတယ်။ ဒီတောင်ပေါ်က ထွက်တဲ့ ဟင်းသီး ဟင်ရွက်တွေက အာဟာရပြည့်ဝပြီး ဆေးဖက် ဝင်ပင် တွေလည်း ရှိပါတယ်။ မွှေးရနံ့သင်းတဲ့ တောင်မို့ ထူးဆန်းလှပါတယ်။

ဒီကျောက်တောင်ကို အခု ရန်မျိုးအောင်(ဒုဝန်ကြီတဦးရဲ့ သားဟုဆိုသူ ဘယ်ဒုဝန်ကြီမှန်းမသိ) ဆိုသူက Stone Hill ကျောက်ထုတ်လုပ်ရေး အမည်ခံပြီး ကျောက်ထုတ်လုပ်နေပါတယ်။ ထွက်ရှိတဲ့ကျောက်တွေကို MGC ( မြန်မာ ရွှေသရဖူ ကုမ္ပဏီ)  သို့သွင်းပါတယ်။

အဲသလို ကျောက်ကျင်းပေါင်း ထောင်သောင်းချီပြီး နေ့စဉ် ထုတ်ယူနေတဲ့ အတွက် ကျွန်တော်တို့ ဒေသက ပြည်သူတွေ အတွက် ပေးအပ်ထားတဲ့ သဘာဝ လက်ဆောင်မွန် ကျောက်တောင်ဟာ မကြာမှီ ပြိုကွဲ ပျက်စီး သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။
Mingan-stone-Arakan-state
ခုလို ကျောက်တောင်ကို စက်ကြီးတွေနဲ့ ဖြိုချပြီး  ကျောက်ထုတ်လုပ်နေတာဟာ ဒေသခံတွေရဲ့ ရင်ဘတ်ကို ဓါးတွေနဲ့ လာရောက် တူးဆွ နေသလိုဘဲ ကျွန်တော်တို့ ဒေသခံတွေက ခံစားကြရပါတယ်။

ဒီတောင်ဟာ ဒေသခံတွေ အတွက် သမိုင်းဆိုင်ရာ  အရသာမဟုတ် လက်ရှိကာလမှာလည်း များစွာ အကျိုး ပြုနေတဲ့ တောင်တန်း တစ်ခု ဖြစ်ပါတယ်။  ဒေသခံတွေအတွက် လိုအပ်တဲ့ သစ်၊ဝါးတွေ ကိုလည်း နှစ်စဉ် ထုတ်ယူနေကြရတဲ့ အတွက် တန်ဖိုးကြီးလှပါတယ်။

သမိုင်းအရ ဆိုရင်လည်း ရခိုင်ဘုရင်တွေ ခေတ်က ဒီကျောက်တောင်ဟာ သံထုတ်လုပ်တဲ့ နေရာ တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ရာဇဝင်သစ်ကျမ်း၊ ဓညဝတီရာဇဝင်သစ်ကျမ်းနဲ့ မြောက်ဦး ရာဇဝင်(ပေမူ)တို့ အရ ဒီမင်းဂံ (မင်းသုံးသောက်ရေကန်) ဒေသဟာ ရခိုင် ဘုရင်လက်ထက် သံချက်ရာဒေသဖြစ်ခဲ့ပါတယ်။  ရှေးခေတ် ကတည်းက ထုလုုပ်ခဲ့ကြတဲ့ ကျောက်စားပွဲ ကျောက်ကုလားထိုင်တွေကိုလည်း အဲဒီ ကျောက်တောင် အနီး တဝိုက်မှာ ဒီကနေ့ထိ တွေ့ရှိနိုင်ပါတယ်။

အဲသလို သမိုင်းအရ အရေးပါတဲ့ မင်းဂံ ကျောက်တောင်မှာ လွမ်းမောဖွယ်ရာ အသက်သေပွဲဝင်ခဲ့ကြတဲ့ ညီအစ်မနှစ်ဦးရဲ့ ဇာတ်လမ်းလေးကလည်း ရှိနေပါတယ်။

ရခိုင်ဘုရင်ခေတ်က သံချက် လုပ်ငန်းငန်းတွေကို လာကြည့်ရင်းနဲ့ ရခိုင် မင်းညီ မင်းသား တစ်ဦးဟာ လေညှင်း ခံနေတဲ့ အခါ   ဒီမင်းဂံရွာက အောင်မေ အောင်မ ညီအစ်မ နှစ်ဦးကို မြင်တော့ သဘောကျ  တော်ကောက်ပြီး  မြောက်ဦး ရွှေနန်းတော်ကို ခေါ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင် မင်းညီမင်းသား တစ်ပါး ကောက်တော်မူလို့ မြောက်ဦး ရွှေနန်တော်မှာ ခမ်းနား စွာ နေထိုင် ခဲ့ကြရတဲ့ ဒီညီအစ်မ နှစ်ဦးဟာ ဒီလို နေရတာကို မပျော်ပိုက် အချုပ်ခန်း မှာနေရသလို ခံစားခဲ့ကြ ရတယ်လို့ ဆိုပါတယ်။   ဒါကြောင့် သာယာ လှပတဲ့ သူမတို့နှစ်ဦးရဲ့ ချစ်သောမြေကို အခွင့်သာတဲ့ အခါ  ပြန်ပြေးလာခဲ့ကြပါ တယ်။ တောတောင် မြစ်ချောင်းတွေ ကို ဖြတ်ကျော်ရင်း  ချစ်သော ညီအစ်မ နှစ်ဦးဟာ သူမတို့ ချစ်သောမြေကို ပြန် လည် ရောက် ရှိခဲ့ကြပါတယ်။  ဒီမြေ ဒီရေ ဒီလေဟာ သူတို့ ညီအစ်မ နှစ်ဦးအတွက် ဘဝလို့ ခံယူထားကြပုံရပါ တယ်။ ဒီလို ထွက်ပြေးသွားတာကို သိတော့ ဘုရင့် လှေမြန်တော်က လိုက်လာပြီး ပြန်ခေါ်ဖို့ ကြိုးစာတဲ့ အခါ ညီအစ်မတာ် နှစ်ဦးဟာ မင်းဂံတောင် တန်းပေါ်က ယင်မနားကုန်းပေါ်ကို ပြေးတက်ပြီး တစ်ယောက်ကို တစ်ယောက် ဖက်ပြီး အနောက် ဖက် ကျောက်ထရံမှနေ ခုန်ချ သေပွဲဝင်ခဲ့ကြပါတယ်။  ဒီမြေမှာ ထာဝရ နေနိုင်အောင် ညီအစ် မနှစ်ဦး သေပွဲဝင်ခဲ့ကြပုံ ရပါတယ်။ ဘုရင်မင်းသားကလည်း အချစ်တော် မကုန်တဲ့ အတွက် အောင်မေ အောင်မ ညီအစ်မနှစ်ဦးရဲ့  အလောင်းကို မြောက်ဦး မင်းနေပြည်တော်ထိ ယူဆောင်ပြီး သဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းဂံသူမင်းဂံသားတွေကတော့ သူတို့ ညီအစ်မ နှစ်ဦးဟာ နတ်စိမ်းတွေ ဖြစ်သွားကြတယ်လို့ အယူ ရှိပြီး  ညီအစ်မနှစ်ဖေါ်ကို တောင်ပေါ်မှာဘဲ နတ်ကွန်း ဆောက်ပြီး ပူဇော်ထားကြပါတယ်။ သူတို့တွေရဲ့ ဘဝတွေကိုလည်း အောင်မေ အောင်မ ညီအစ်မနှစ်ဦးက စောင့်ရှောက် ထားကြတယ်လို့ ယုံကြည်နေကြပါတယ်။ အောင်မေ အောင်မတို့ အသက်နဲ့ ရင်းပြီး ချစ်တဲ့မြေကို ကျွန်တော်တို့လည်း ချစ်ပါတယ်။

အခုတော့ အောင်မေ အောင်မ တို့ချစ်သောမြေဟာ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကြောင် ပျက်စီး ဆုံးရှံုးရပါတော့မယ်။ အခုဆိုရင် မင်းဂံ ကျောက်တောင်ကို ခါးလယ်က ဖြိုချပြီး ကျောက်တွေ ထုတ်လုပ်နေကြပါပြီ။

တို့ဒေသကထွက်တဲ့ ကျောက်တွေ မာကြောပေမယ့် တို့တွေရဲ့ ဘဝကတော့ မာနိုင်တဲ့ အနေအထား မှာ မရှိတော့ဘူး ဆိုတာ အောင်မေ အောင်မ တို့ သိကြပါစေ။ အောင်မေအောင်မချစ်သောမြေ မင်းဂံ သူမင်းဂံသားတွေ ချစ်သောမြေ အရှည်သဖြင့် တည်တံ့ပါစေ။

(ကျောက်ဖြူမှ လူငယ် တစ်ဦး ပေးပို့လာသော စာအား ပြင်ဆင် တည်းဖြတ် ဖေါ်ပြလိုက်ပါသည်။)

Most read this week