ပင်လယ်လိပ်များ တက်ရောက်ခိုလှုံလေ့ရှိသည့် ဧရာဝတီတိုင်းအတွင်းရှိ လိပ်ကျွန်း၊ လိပ်သောင်များသည် ဆယ်စုနှစ်တခုအတွင်း ထက်ဝက်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း လေ့လာသုတေသနပြုသူတို့က
ပြောသည်။
“လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတော့ နေရာ ၅ဝ လောက်တက်တယ်။ ဆယ်စုနှစ်အတွင်းမှာ ၂၇ ခုလောက်ပဲရှိ တော့တယ်။ ၅ဝ ရာခိုင်နှုန်းလျော့ကျသွားခဲ့တယ်။ အဲဒါက လေ့လာနိုင်တဲ့နေရာတွေကို သွားရောက်လေ့လာပြီး စစ်တမ်းလုပ်ထားတာပါ။ တချို့ မသွားရောက် မလေ့လာနိုင်တဲ့ နေရာတွေလည်းရှိတယ်။ သွားဖို့လာဖို့ အခက်အခဲ ရှိတဲ့နေရာ တွေပေါ့။ အဲဒါတွေကလည်း သိပ်များများစားစားတော့ မရှိပါဘူး”ဟု ဧရာဝတီတိုင်း အတွင်း ပင်လယ်လိပ် ထိန်းသိမ်းရေးလုပ်ငန်းကို အစဉ်တစိုက် လုပ်ဆောင်လျက်ရှိသူတဦးက ပြောသည်။
လိပ်သောင်များ လျော့နည်းကျဆင်းလာမှုသည် လိပ်များသေကြေမှု နှုန်းမြင့်လာခြင်း၊ လူ့ပယောဂကြောင့် ပျက်စီးရခြင်း၊ လိပ်သောင် လိပ်ကျွန်းများတွင် လူနေအိမ်များ၊ ရေလုပ်ငန်းများ ထူထပ်လာခြင်းစသည့် အချက်သုံးချက်ကြောင့် အဓိက ဖြစ်ပြီး ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်းကြောင့် ပျက်စီးမှုအချို့ လည်းရှိကြောင်း ထိုသို့ လိပ်ကျွန်း၊ လိပ်သောင်များ လျော့နည်း ပျက်စီးလာမှုသည် ပင်လယ်လိပ် မျိုးသုဉ်းရှား ပါးစေမှုကို ဖြစ်ပေါ်စေသည်ဟုလည်း ဘိုကလေးမြို့နယ် ကဒုံကနိရှိ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး သုတေသနနှင့် ပညာပေးရေးစခန်းမှ စခန်းတာဝန်ခံကပြောသည်။
“ဘိုကလေးမှာ လိပ်တက်ရောက်တဲ့နေရာ အရင်က ငါးခုရှိတယ်။ အခုတော့ သုံးကျွန်းပဲ တက်တော့တယ်။ ဟိုင်းကြီး ကျွန်းဘက်က သောင်တွေဆိုရင် အရင်ကတက်ရောက် ပေမယ့် အခုမတက်တော့ဘူး” အဆိုပါ တာဝန်ခံကပြောသည်။
ယင်းအပြင် ဧရာဝတီတိုင်းအတွင်းရှိ သမီးလှကျွန်းမှာလည်း ပင်လယ်လိပ်များ တက်ရောက်သည့် သောင်ခုံ ငါးခုရှိခဲ့သော်လည်း ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက် သောင်ခုံ ငါးခုသာ လိပ်များ တက်ရောက်တော့သည်ဟု ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး သုတေသနနှင့် ပညာပေးရေးစခန်းမှ စခန်းတာဝန်ခံက ပြောသည်။
"သူကတော့ အဓိကက သဘာဝဘေးဒဏ်ကြောင့်ဖြစ်တယ်။ ဆူနာမီနဲ့ နာဂစ်မှာ သဲသောင်တွေ ပျက်စီးသွား တယ်။ အောက်ဘက်က ကျောက်လွှာထုတွေ၊ ကျောက်ထပ်တွေ ပေါ်လာတော့ လိပ်ကမတက်တော့ ဘူး။ ကျွန်းနှစ်ကျွန်း ကတော့ ရေမြုပ်သွားတယ်" ဟုဆိုသည်။
ရခိုင်ကမ်းရိုးတန်း လေးနေရာ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ကိုးနေရာ၊ မွန်ပြည်နယ်တွင် သုံးနေရာ၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၁၄ နေရာ၊ ၁၅ နေရာခန့်သာ လိပ်တက်ရောက်နိုင်သည့် အခြေအနေ ကျန်ရှိတော့ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် ခုနစ်မျိုး ပြန့်နှံ့နေထိုင်ကျက်စားလျက်ရှိပြီး အရှေ့တောင်အာရှ ဒေသနိုင်ငံ များတွင် မျိုးစိတ် ခြောက်မျိုးတွေ့ရှိရပြီး မြန်မာနိုင်ငံတွင် မျိုးစိတ် ငါးမျိုး တွေ့ရှိရကြောင်း သိရသည်။