အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ နုတ်ထွက်ရန် အမတ်များ တောင်းဆို

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ နုတ်ထွက်ရန် အမတ်များ တောင်းဆို
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံုးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် အမတ်များအကြား အငြင်းပွားမှုများ ဆက်လက်ရှိနေရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန် သမ္မတထံသို့ သဝဏ်လွှာ
ပေးပို့ တောင်းဆိုသွားမည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တနင်္လာနေ့က ပြောသည်။

“နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ ဆောင်ရွက်ပေးမှုကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်” သမ္မတထံသို့ တင်ပြတောင်းဆိုပေးမည်ဟု ဦးရွှေမန်း၏ မိန့်ခွန်းကို လွှတ်တော်ရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြပါရှိသည်။

ထိုခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းနှင့် ပေးအပ်ထားသော တာဝန် များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့ကြောင့် ၎င်းတို့အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ သြဂုတ်လ ၈ ရက်နေ့က ဦးရွှေမန်းထံ တင်ပြထားကြခြင်း ဖြစ်သည်။

လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မရှိဟု မတ်လ တတိယပတ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် မကျေမနပ်ဖြစ်နေသော အမတ်များ ၏ တုံ့ပြန်ပြောဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွှတ်တော်ရေးရာ အဖွဲ့များသည် ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ်မှာ ဆက်လက် စောဒကတက်နေဆဲ ဖြစ်သည်။ ထိုအခိုက်တွင် ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် မညီညွတ်ဟု လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က စွပ်စွဲလိုက် သည်။

ခုံရုံး၏ အဆိုပါဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဦးရွှေမန်းက ပြောကြားရာတွင် “ဥပဒေများကို မျက်ကွယ်ပြု၍ မှားယွင်း စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် အမတ်များ၏ ဂုဏ်သိက္ခာထိခိုက်စေသလို၊ လွှတ်တော်နှင့် အမတ်များ၏ လုပ်ငန်း တာဝန်များအတွက် ထိခိုက်စေခဲ့ကြောင်း” ပါရှိသည်။

ပြည်သူ့လွှတ်တော်၏ ဒု-ဥက္ကဋ္ဌလည်းဖြစ် လွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးနန္ဒကျော်စွာ ကလည်း ယခုလ ပထမပတ်နှင့် ဧပြီလ တတိယပတ်အတွင်း အခြေခံဥပဒေဆိုင်ရာခုံရုံးကို လွှတ်တော်အတွင်းတွင် စွပ်စွဲပြစ်တင်နိုင်ရန် လွှတ်တော်သို့ နှစ်ကြိမ် တင်ပြခဲ့သည်။

သို့သော် ဦးရွှေမန်းက ထိုသို့ စွပ်စွဲပြစ်တင်ခြင်း မလုပ်ဘဲ သမ္မတထံ သဝဏ်လွှာပို့သည့် နည်းလမ်းကို ရွေးချယ်စေလို သည်။ 

“နိုင်ငံတော် သမ္မတက ဆောင်ရွက်ပေးမည့်အချိန်အထိ စောင့်ဆိုင်းပေးပါရန်နှင့် မိမိကလည်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ ဆောင်ရွက်သွားပါမယ်။ သတ်မှတ်ကာလအတွင်း အဆင်ပြေခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် များ၏ ဆန္ဒအတိုင်း စွပ်စွဲပြစ်တင်မှု ပြုလုပ်လိုပါက ပြုလုပ်နိုင်ကြပါကြောင်း” ဟု ဦးရွှေမန်းက ပြောသွားသည်သည်။ 

“လွှတ်တော်၏ အဖွဲ့အစည်း အသီးသီးသည် ပြည်ထောင်စုအဆင့် မဟုတ်" ဟု ဆိုလိုက်သည့် အတွက် ပြည်ထောင်စု အဆင့်ရှိ အစိုးရအဖွဲ့ဝင်များထက် တဆင့်နိမ့် အဖွဲ့များအဖြစ် သတ်မှတ်ရမှာ ဖြစ်သည်။ ၎င်းအချက်က အစိုးရအဖွဲ့ကို ထိန်းကျောင်း တည့်မတ်မှုပြုရန် လိုအပ်လာသောအခါ အရာမရောက်ဖြစ်နိုင်သည်ဟု လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က သုံးသပ်သည်။

အခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဦးသိန်းစိုး က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒေါက်တာ တင်အောင်အေး၊ ဦးထွန်းကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးစိုးသိန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်နှင့် ဒေါ်မိမိရီတို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်လျက် ရှိနေသည်။