ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်းပြောဆိုလိုက် သည်။
ကချင်ဘာသာဖြင့် ‘Share shagan Nhtoi’ ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ကို အခမ်းအနားကို လိုင်ဇာမြို့ KIO ဌာနချုပ်တွင် ကျင်းပရာ KIO ခေါင်းဆောင်များနှင့် KIO ဌာနဆိုင်ရာ ဝန်ထမ်းများ ရ၄ဝ ကျော် တက်ရောက်ရာ ဥက္ကဋ္ဌက မိန့်ခွန်းပြောဆိုခဲ့သည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆား က ပြောသည်။
“အစိုးရနဲ့ ဆွေးနွေးမှုမှာ ကျနော်တို့ KIO ဘက်က တောင်းဆိုနေပေမယ့် သူတို့ အရေးမယူပေးတဲ့အတွက် အခုအချိန်ထိ ဘာသဘောတူညီချက်မှ မရသေးဘူး။ ခုချိန်မှာ စည်းလုံးညီညွှတ်ပြီးတော့ ကိုယ့်တာ ဝန်ထမ်းဆောင် သွားကြဖို့ ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး အောင်မြင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ပြောဆိုသွားတယ်” ဟု ဦးဒွဲပီဆား က မဇ္စျိမကို ပြောပြသည်။
၁၉၇၅ ခုနှစ်က KIO ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း အပါအဝင် ထိပ်တန်း ခေါင်းဆောင် သုံးဦး လုပ်ကြံခံရသည့်နေ့ကို အစွဲပြု၍ ကျဆုံးသွားသော သူရဲကောင်းများကို ရည်စူးကာ ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း
ဖြစ်သည်။
အဆိုပါ ကချင်အာဇာနည်နေ့အခမ်းအနားများကို လိုင်ဇာမြို့အနီးရှိ အလန်းဘွမ် တောင်တွင် KIO ဌာနချုပ် အပါအဝင် လိုင်ဇာ အထက်တန်းကျောင်း၊ ကျန်းမာရေးဌာန၊ စစ်ပြေးဒုက္ခသည်စခန်း၊ စစ်ရေး လေ့ကျင်းရေးစခန်း စသည့် KIO ဌာနဆိုင်ရာ နေရာအသီးသီးတွင် အာဇာနည် ခေါင်းဆောင်များကို ဂုဏ်ပြု အလေးပြုခဲ့ကြပြီး တော်လှန်ရေး ခေါင်းဆောင်များ၏ လုပ်ဆောင်ချက် သမိုင်းကို ရှင်းလင်း ဟောပြော ခဲ့သည်ဟု သိရသည်။
ဤနေ့တွင် KIO ၏ အမျိုးသားအလံကို တဝက်သာ လွင့်ထူထားပြီး KIO ဌာနဆိုင်ရာ အသီးသီးက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော်လည်း ရှေ့တန်းတပ်ဖွဲ့များကမူ တာဝန် ရပ်ဆိုင်းခြင်းမရှိဘဲ တိုက်ပွဲဝင်နေကြသည်ဟု သိရသည်။
၁၉၇၅ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် KIO ပထမဆုံး ဥက္ကဋ္ဌ ဗိုလ်ချုပ် လထော် ဇော်ဆိုင်း(Lahtaw Zau Seng)နှင့် အတူ ညီဖြစ်သူ ဒု-ဦးစီးချုပ် ဗိုလ်ချုပ် လထော် ဇော်တူး (lahtawZau Tu)နှင့် အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ဖုန်ရွှေ ဇော်ဆိုင်း (Pungshwe ZauSeng) တို့ မြန်မာအစိုးရက စေလွှတ်ထားသူ တစုက ထိုင်း-မြန်မာ နယ်စပ် Thang Ngawk တောင် တနေရာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု KIO သမိုင်းမှတ်တမ်းများက ဆိုသည်။
၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိနေရးအတွက် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော ကချင်ကျောင်းသား ရ ဦးထဲမှ ၃ ဦး ကျဆုံးခဲ့သောနေ့လည်း ဖြစ်သည်။
ကချင်အာဇာနည်နေ့ကို မလေးရှား၊ ဂျပန်၊ အမေရိကန်၊ ထိုင်း စသည့် နိုင်ငံများ အပါအဝင် ပြည်ပရောက် ကချင်လူမျိုး များက အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကျင်းပကြသည်။
KIO နှင့် အစိုးရအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိရာ ကြာသပတေးနေ့က KIO တပ်မဟာ ၅ နယ်မြေ ဂန်ဒေါင်ယန်ကျေးရွာနှင့် ဒဘတ်ကျေးရွာ အနီး ဗုံးကွဲတိုက်ခိုက်မှု ရှိခဲ့ရာ အစိုးရဘက်မှ ထိခိုက်ကျဆုံးမှုရှိသည်ဟု ဦးဒွဲပီဆားက ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံရန် KIO ဘက်မှ အစိုးရထံ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ ထပ်မံ စုံစမ်းမေးမြန်းခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးဆန့်အောင် က ပြောသည်။
“နေရာ သတ်မှတ်နိုင်ခြင်း မရှိသေးဘူး။ KIO က ဇူလိုင် ၁၇ ရက်နေ့က စာပို့ထားတယ်။ အစိုးရက စာမပြန်သေးဘူး။ ခု ၂ဝ ရက်နေကျော်သွားပြီ။ ဝန်ကြီး ဦးအောင်မင်း ရုံးကို ဖုန်းဆက်တော့ သူတို့ စာပြန်ပို့မယ်ဆိုပြီး မနေ့က ဖုန်းဆက်လာ တယ်။ အဲဒါ ဘယ်တော့ပို့မလဲ မသိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။
ယခုတကြိမ် KIO နှင့် ပြန်လည်တွေ့ဆုံရာတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း အပါအဝင် ထိပ်တန်း စစ်ဘက်ခေါင်းဆောင်များ ပါဝင်မည်ဖြစ်သည်။
ထိုသို့ တပ်မတော်ခေါင်းဆောင်များ ပါဝင်မည်ဖြစ်၍ တဖက်နိုင်ငံတွင် သွားရောက် တွေ့ဆုံရန် မသင့်တော်ဘဲ အခြား တနေရာတွင်သာ တွေ့ဆုံရန် ညှိနှိုင်းနေဆဲဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်သည့် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောဆိုခဲ့သည်။