သတ္တု တူးဖော်သန့်စင်ရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

သတ္တု တူးဖော်သန့်စင်ရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်
by -
မဇ္ဈိမ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးတွင် လာရောက် ရင်းနှီးမြှုပ်နှံကြပါရန် သတ္တုတွင်းဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာ သတ္တုတွင်း လုပ်ငန်း ညီလာခံတွင် ဖိတ်ခေါ်လိုက်သည်။

miningsummit1

“ပြည်တွင်းမှာ သတ္တုတွင်း ကုန်ချော သန့်စင်ထုတ် စက်ရုံတွေကို ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေ ပူးပေါင်း ဖက်စပ်လုပ်ကိုင်ဖို့ သတ္တုတွင်း ဝန်ကြီးဌာနက ဖိတ်ခေါ်ပါတယ်” ဟု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ဆိုသည်။

ပြည်တွင်း သတ္တု တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက် ရှိသော်လည်း ကျောက်မျက် တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ဟုလည်း ဦးဝင်းထိန် က ဆိုသည်။

“နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်း ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကျောက်မျက်တွေကို ဝယ်ယူပြီး ပြည်ပတင်ပို့တဲ့ လုပ်ငန်းကို လုပ်ကိုင်နိုင်ပါတယ်” ဟု ဆိုသည်။

ဇူလိုင်လ ၂၂ မှစတင်ပြီး ဆီဒိုးနားဟိုတယ်တွင် လေးရက်ကြာ ကျင်းပသော အဆိုပါ သတ္တုတွင်း ညီလာခံကို နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့သည်။

ကျောက်မီးသွေး တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဖိတ်ခေါ်ပြီး အဆိုပါ ကုန်ကြမ်းများဖြင့် ပြည်တွင်း အသုံးပြုရန်အတွက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ဓါတ်အားပေး စက်ရုံများ တည်ဆောက် လုပ်ကိုင်နိုင်သည်ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

“သတ္တုတွင်း တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဖို့ တတ်နိုင်သလောက် လျှော့ချဖို့ လိုပါတယ်” ဟု ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ အဖိုးတန် သတ္တု သံယံဇာတများကို ထုတ်လုပ်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ အဆင့်မြင့် နည်းပညာများကို အသုံးပြုကာ ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများ တည်ထောင်လုပ်ကိုင်ရန် မျှော်လင့် ထားသည်။

မြန်မာ့ သတ္တုတွင်းဝန်ကြီးဌာနက သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ကျွမ်းကျင်သူများနှင့် လူထုအဖွဲ့အစည်းများ ထံမှ အကြံဉာဏ်များ ရယူကာ ရေးဆွဲလျက် ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု (environmental conservation) နှင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိသော တူးဖော်ထုတ်လုပ်မှု (Green Mining) လုပ်ငန်းများ ဖြစ်စေရန်၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုချောမွေ့စေရန်နှင့် ယုံကြည်မှု ရှိရှိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုရှိစေရန်တို့ ရည်ရွယ်ထားသည်ဟု ဝန်ကြီး ဦးသိန်းထိုက် က ဆိုသည်။

“သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို ပြည်တွင်းက ပညာရှင်တွေအပြင် ပြည်ပမှ ဥပဒေဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့်ပါ ဆွေးနွေးတိုင်ပင် ရေးဆွဲသွားမှာပါ” ဟု ဦးသိန်းထိုက် က ဆိုသည်။

ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးတက် အကောင်ထည်ဖော် လုပ်ဆောင်စေရာတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှုဖွ့့ံဖြိုးတိုးတက်သော နိုင်ငံတနိုင်ငံဖြစ် လာစေရန် တို့အတွက် ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုသည်။

“သတ္တုတွင်း တူးဖော်ထုတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေကို စက်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေနဲ့အတူ ပူးပေါင်း လုပ်ကိုင်သွားနိုင်ဖို့ အပြန်အလှန် အကျိုးပြု လုပ်ငန်းတွေ ဖော်ဆောင်ဖို့ လိုပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ပြည်တွင်း ပြည်ပ သတ္တုတွင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာတွင် နိုင်ငံအတွက် အကျိုးရှိစေရန်၊ ပြည်တွင်း လုပ်ငန်းရှင်များ အဆင့်မြင့် နည်းပညာများ ရရှိစေရန်၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများနှင့် အတူ ဒေသခံများ အကျိုးရှိရန် လိုအပ်သည်ဟုလည်း ဝန်ကြီးဌာနမှ အရာရှိကြီးတဦးက မဇ္စျိမနှင့် သီးခြား တွေ့ဆုံရာတွင် ပြောဆိုသွားသည်။

“အရင်တုန်းကဆို ကျနော်တို့ နိုင်ငံက သတ္တုတွင်းထွက်တွေကို ကုန်ကြမ်းများကိုပဲ နိုင်ငံခြားကို ရောင်းချတဲ့ အခါမှာ စျေးကောင်းမရတဲ့အပြင် နည်းပညာ မတတ်ကျွမ်းတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး စျေးနှိမ်ဝယ်တာတွေကို ခံခဲ့ရပါ တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က ခဲ ကုန်ကြမ်းများကို အမြင်အတိုင်းသာ ရောင်းချခဲ့ရာ၌ ငွွေကဲ့သို့ အဖိုးတန် သတ္တုများနှင့် အခြား တန်ဖိုးရှိ သတ္တု ဒြပ်စင်များ ပါရှိသော ကုန်ကြမ်းများကို စျေး အနည်းငယ်ဖြင့်သာ ရောင်းချခဲ့ရသည်ဟု ၎င်းက ပြောဆိုသွားသည်။