မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။
သတင်းဝေဖန်ချက်
မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။
သီရိလင်္ကာနိုင်ငံက သူတို့နိုင်ငံရှိ တိုင်းရင်းသား သူပုန်အုပ်စုတခု ဖြစ်သည့် 'တမီလ်ကျားများ'ဟု လူသိများကြသည့် တမီလ် အီလမ် ကျားလွတ်မြောက်ရေးအဖွဲ့ (LTTE) ကို ၂ဝဝ၉ ခုနှစ်၊ မေလတွင် အဆုံးသတ် စစ်ဆင်ရေး ဆင်နွှဲကာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို နိဂုံးကမ္ပတ် အဆုံးသတ်နိုင်ခဲ့ကြသည်။
တမီလ်ကျားများကို တိုက်ခိုက်အနိုင်ယူပြီး တလအကြာ ၂ဝဝ၉ ခုနှစ်၊ ဇွန်လတွင် သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ (Mahindra Rajapaksa) က မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး နိုင်ငံအကြား ထေရဝါဒ ဗုဒ္ဓဘာသာ ကူးလူးဆက်ဆံရေး၊ ယဉ်ကျေးမှုချင်း ဆက်ဆံရေး ကိစ္စများသာမက နိုင်ငံရေးအရ ချစ်ကြည်ရေး ခိုင်မြဲစေ ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှမက နှစ်နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ထပ်လောင်း အတည်ပြုခဲ့ကြသေးသည်။ တာမီလ်ကျား သူပုန်များကို အောင်မြင်ပြီးနောက် သီရိလင်္ကာ သမ္မတ က မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီး ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ်တွင် သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ က မြန်မာနှင့် သီရိလင်္ကာ နှစ်နိုင်အကြား ထောက်လှမ်းရေး ကိစ္စများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စများတွင် ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဟုဆိုလျှင် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် သူပုန်ထမှု ပဋိပက္ခများ ဆက်လက်ကြံု တွေ့နေရဆဲ နိုင်ငံတခုဖြစ်ပြီး ယခင်စစ်အစိုးရက တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များကို မကြာခဏဆိုသလို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲမှုများ ရှိနေခဲ့သည်။ ယခုနှစ်နိုင်ငံအကြား နိုင်ငံရေးအရ ဆက်ဆံလာသည်ကို ထောက်ရှုခြင်းအားဖြင့် သံသယရှိစရာ မလိုသည့်အချက်မှာ မြန်မာစစ်ခေါင်းဆောင်များက သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျာပက်ဆာ၏ တမီလ်ကျားသူပုန်များအပေါ် အကြင်နာကင်းကင်းဖြင့် စစ်ရေးအရ အနိုင်ယူနိုင်ခဲ့မှု အောင်ပွဲအပေါ်တွင်လည်း အထင်ကြီး လေးစားနေပုံရပါသည်။
ထို့အပြင် အခြားသံသယဖြစ်စရာ မလိုသည့်အချက်မှာ မြန်မာစစ်တပ် ခေါင်းဆောင်များက သီရိလင်္ကာတို့၏ သောင်းကျန်းသူ နှိမ်နင်းရေးစစ်ပွဲ မိုဒယ်အပေါ်တွင်လည်း အထင်ကြီး အားကျနေကြမည် ဖြစ်ပြီး သမ္မတ မဟိန္ဒရာက မည်သို့မည်ပုံချေ မှုန်းလိုက်သည်ကိုလည်း သင်ခန်းစာယူကောင်း ယူလိုကြပေလိမ့်မည်။
သီရိလင်္ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နော်ဝေနိုင်ငံ၏ အခန်းကဏ္ဍ
၂ဝဝဝ ခုနှစ်တွင် သမ္မတ ကုမရတွန်ဂါ ဦးဆောင်သည့် သီရိလင်္ကာအစိုးရနှင့် တမီလ် ပြောက်ကျားများတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နော်ဝေနိုင်ငံကိုလည်း ကြားဝင်ဖြန်ဖြေသူအဖြစ် ပါဝင်ပါရန် ဖိတ်ခဲ့ကြသည်။ ၂ဝဝ၂ ခုနှစ်တွင် သီရိလင်္ကာ အစိုးရနှင့် တမီလ်ပြောက်ကျားတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။ ၂ဝဝ၆ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို သမ္မတသစ် မဟိန္ဒရာ ရာဂျာပက်ဆာနှင့် ပြန်၍ ချုပ်ဆိုခဲ့ကြသည်။ သို့သော်လည်း ၂ဝဝ၈ ခုနှစ်တွင် မဟိန္ဒရာ ရာဂျာပက်ဆာ ဦးဆောင်သည့် အစိုးရဖက်က ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖျက်သိမ်းခဲ့သည်။ နော်ဝေအရာရှိ အများဆုံး ဦးဆောင်ကြသည့် သီရိလင်္ကာ စောင့်ကြည့်လေ့လာရေး မစ်ရှင် The Sri Lankan Monitoring Mission (SLMM) လည်း နိုင်ငံအတွင်းမှ ထွက်ခွာခဲ့ကြရသည်။ ၎င်းနောက်ပိုင်းတွင် တမီလ် ပြောက်ကျားများ အစိုးရ၏ မေလ ၂ဝဝ၉ ခုနှစ် ထိုးစစ်တွင် လုံးဝချေမှုန်းခြင်း ခံလိုက်ရတော့သည်။
၁၉၉၇ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ သီရိလင်္ကာနိုင်ငံတွင် နော်ဝေနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်း များသည် မယ်မယ်ရရ အလုပ်ဖြစ်ခဲ့သည်ဟူ၍ မရှိဘဲ အကျယ်အပြန့် ပြဿနာများ ရှိနေကြသည့် စစ်မက်အင်အားစုနှစ်ခု အကြား ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မျှကိုသာ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ပြောရမည်ဆိုလျှင် စစ်ပွဲ ပဋိပက္ခနိဂုံးချုပ် အဆုံးသတ်နိုင်စေရေး ကြိုးပမ်းခဲ့သည့် နော်ဝေနိုင်ငံ၏ ဆောင်ရွက်ချက်မှာလည်း အရှုံးနှင့် နိဂုံးချုပ်ခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။
ဤသို့ ရှုံးနိမ့်ရမှုကို ပြန်ကြည့်သည့်အခါ အကြောင်းအရင်း အများအပြားရှိနေသည်။ နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေး ညှိနှိုင်းကြသူများက နိုင်ငံ၏ နှစ် ၃ဝ ကြာ ဖြစ်ပွားနေခဲ့သည့် ပြည်တွင်းစစ်၏ အရင်းခံ အကြောင်းတရားများကို နားလည် သဘောပေါက်နိုင်ခြင်း မရှိကြသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုသည်မှာ သူတို့က စာရွက်ပေါ်မှ လုပ်ငန်းစဉ်ကိုသာ နားလည်ထားကြခြင်း ဖြစ်သည်။ ရလဒ်အဖြစ် တမီလ်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး အခွင့်အရေးသည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်အတူ ရှုံးနိမ့်သွားရတော့သည်။ ထို့အပြင် စစ်မက်ဖြစ်ပွားနေသည့် အင်အားစု နှစ်ခုအကြား အခြေခံကျကျ အပြောင်းအလဲများကိုလည်း ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း မရှိပါ။ သို့ပါသော်လည်း ရှုံးနိမ့်ခဲ့ရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်ပင် တမီလ်ပြောက်ကျားတို့ကို မေလ ၂ဝဝ၉ ခုနှစ်တွင် အပြုတ်ဆော် အနိုင်ယူခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်ပွဲကို တဖက်သတ် အဆုံးသတ် နိဂုံးချုပ်စေခဲ့သော အောင်မြင်မှုကို ဖြစ်စေခဲ့သည်။
မြန်မာ့နိုင်ငံရေးတွင် နော်ဝေနိုင်ငံ၏ အခန်းကဏ္ဍ
နော်ဝေဆိုလျှင် မြန်မာနိုင်ငံကိစ္စတွင် အနောက်နိုင်ငံ အစိုးရများအနက်မှ ပထမဦးဆုံး ၎င်း၏ဖွံ့ဖြိုးရေးဝန်ကြီး ကို စေလွှတ်၍ သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံစေခဲ့သောနိုင်ငံဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် နော်ဝေနိုင်ငံနှင့် ရေအား လျှပ်စစ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ခရီးသွား လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုသလို၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်လိုလှသည်။
ထို့အပြင် နော်ဝေအစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ နော်ဝေနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဂျိုနပ်စ် ဂါ စတိုး (Jonas Gahr Stoere) က “အတွေ့အကြံုအများအရ အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာ အခက်ခဲဆုံးကိစ္စ မဟုတ်ပါ။ သို့သော်လည်း တရားမျှတမှု ပေါ်ထွန်းလာစေရန် ဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်းတူညီမျှရှိရန်၊ မျှတရန် ဆောင်ရွက်ရ သည်မှာမှ အခက်ခဲ အရှုတ်ထွေးဆုံးကိစ္စ ဖြစ်ပါသည်” ဟု ဖော်ပြပြောဆိုခဲ့သည်။ သို့ဆိုလျှင် နော်ဝေနိုင်ငံ အနေဖြင့် သီရိလင်္ကာတွင် ဆောင်ရွက်ခဲ့သည့် အတိုင်း မြန်မာနိုင်ငံ တွင်လည်း လာရောက်ဆောင်ရွက်ကြဦး မည်လောဟု မေးရန်သာ ရှိပါတော့သည်။
သင်ခန်းစာယူစရာများ
နော်ဝေနိုင်ငံက ကမကထ ပြုခဲ့သည့် သီရိလင်္ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ တခုပြီးတခု ဆောင်ရွက်ခြင်းမျှသာ ဖြစ်ပြီး ရေတိုသာ ခံခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား ပဋိပက္ခများ ရေရှည် နိုင်ငံရေး အဖြေရှာမှုအတွက် အာမခံချက် မပေးနိုင်ခဲ့ပါ။
၎င်းအစား ရလဒ်က ဆန့်ကျင်ဖက် ဖြစ်ခဲ့သည်။ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက်တိုက်ပွဲဝင် နေကြသော တမီလ် ပြောက်ကျားများ နောက်ဆုံးနိဂုံးချုပ် သုတ်သင်ခံရခြင်း ရလဒ်သာ ဖြစ်စေခဲ့သည်။ တမီလ်ကျားများက နှစ်ပေါင်း ၃ဝ ကျော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော်လည်း ရလဒ်မထွက်စေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချို့ကို ဖြတ်သန်းပြီး နောက်ပိုင်းတွင် သီရိလင်္ကာ စစ်တပ်များက ရက်စက်စွာအကြမ်းဖက် ချေမှုန်းခြင်း ခံခဲ့ကြရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တခုပြီးတခု အပြီး နောက်ဆုံး တမီလ်ပြောက်ကျားများ မည်သို့မည်ပုံ ချေမှုန်းခံခဲ့ကြရ သည်ကို ယခု မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဆွေးနွေးနေကြသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ နှိုင်းယှဉ်ကြည့်သင့်လှပါသည်။ မြန်မာနှင့် သီရိလင်္ကာ အစိုးရတို့အကြား သံတမန်ဆက်ဆံရေး ရှိထားသည်၊ ထောက်လှမ်းရေး သတင်း အချက်အလက်များ ဖလှယ်နေကြသည်ကိုလည်း KNU တို့က အထူး သတိထားသင့်ပါသည်။
လက်ရှိ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေသည့် သမ္မတ ဦးသိန်းစိန် ၏ ရိုးသားမှုအပေါ် သံသယဖြစ်စရာ ရှိနေပါသေးသည်။
ကချင်တိုင်းရင်းသားတို့နှင့် စစ်ပွဲများဆက်လက် ဖြစ်ပွားနေဆဲရှိပြီး ကရင်ပြည်နယ်အတွင်းတွင်လည်း စစ်လက်နက် ရိက္ခာပစ္စည်းများ ဆက်လက် ပို့ဆောင်နေဆဲ ရှိသည်။ ၎င်းတို့မှာ မြန်မာအစိုးရ၏ မရိုးသားသည့် လုပ်ဆောင်ချက် အချို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မခိုင်မြဲပုံကို ဖော်ပြနေခြင်း ဖြစ်ပါသည်။
သီရိလင်္ကာ အစိုးရကလည်း ဤနည်းနှင်နှင်ပင် ဆောင်ရွက်ခဲ့ပါသည်။ တမီလ်ပြောက်ကျားတို့ ထိန်းချုပ်ထားသည့် ရှေ့တန်း ဒေသများသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း စစ်ရေး အထောက်အပံ့များ ပို့ဆောင်ခဲ့ကြပါသည်။
သို့အတွက်ကြောင့် ကရင်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အလေးထား ဆွေးနွေးသင့်သည့်အချက်မှာ ကရင်ပြည်နယ် အတွင်းမှ မြန်မာအစိုးရတပ် အများစု ဆုတ်ခွာပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ ရှေ့တန်းတပ်များကို လက်နက် ရိက္ခာ ဆက်လက်ပေးပို့နေမှုကိစ္စများ ချက်ချင်း ရပ်ဆိုင်းစေရေး ဖြစ်ပါသည်။
သေချာနေသည့်အချက်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေပါက၊ သို့မဟုတ် တိုး၍ ဖြစ်ပေါ်လာပါက မြန်မာအစိုးရ အနေဖြင့် သီရိလင်္ကာ အစိုးရ ဆောင်ရွက်ခဲ့ကြသည့် သောင်းကျန်းသူ ချေမှုန်းရေး စစ်ဆင်ရေး မိုဒယ်ပုံစံအတိုင်း လက်ဦးမှုယူ သုတ်သင်ကြလိမ့်မည် ဖြစ်သည်။ သီရိလင်္ကာ အစိုးရက ၎င်းတို့ ဆောင်ရွက်ခဲ့သည့် ရက်စက်ကြမ်းကြုတ် သော၊ အရပ်ဖက်/စစ်ဖက် ခွဲခြားမှု မရှိသော တမီ်လ်ကျား ချေမှုန်းရေး စစ်ပွဲအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို ဂရုမစိုက် လျစ်လျူရှုခဲ့ကြသလို မြန်မာအစိုးရကလည်း အလားတူ ဆက်လက်ကျူးလွန်ကြမည်ဟု မျှော်လင့်ရပါသည်။
အမှန်ဆိုရလျှင် ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို ထောက်၍ နိုင်ငံတကာ မိသားစု အနေဖြင့် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားကို မထိခိုက်မချင်း မြန်မာ အစိုးရအပေါ် အခြေအနေ တစုံတရာအထိဝေဖန်ပြောဆိုမှု ပြုကြမည်မဟုတ် ဆိုသည်မှာ ထင်ရှားနေပါသည်။ လက်တွေ့ အရေးယူ ဆောင်ရွက်မှုများဆိုလျှင် ပို၍ဝေးပါလိမ့်မည်။
တမီလ်ကျားတို့ ကြံုတွေ့ခဲ့ရသည့် ကံကြမ္မာမျိုး ရှောင်လွှဲနိုင်ရေးမှာ KNU တို့အပေါ် မူတည်နေပါသည်။
လာမည့် ဆွေးနွေးပွဲများတွင် KNU ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လက်ရှိဆွေးနွေးပွဲများသည် အပစ်အခတ် ရပ်စဲရေး အဆင့်ထက် ပို၍ ဖြစ်ပေါ်လာစေရန် တောင်းဆိုသင့်ပါသည်။ ထို့အပြင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ သည် တိုင်းရင်းသားလူမျိုးစုများကို စီးပွားရေး မက်လုံးများဖြင့် ဝမ်းချရုံသာ ဖြစ်ကြောင်း၊ သို့မဟုတ် တိုင်းရင်းသားအရေး ၏ အရင်းခံ ပြဿနာကို ဖြေရှင်းခြင်း မဟုတ်ဘဲ၊ တိုင်းရင်းသား ပြဿနာကို နောက်ဆုံး စစ်ရေးအရ အဆုံးသတ်နည်းဖြင့် ဖြေရှင်းရန်သာ ဖြစ်ကြောင်း နိုင်ငံတကာမိသားစု ထံသို့လည်း ဆက်လက် အသိပေးနေသင့်ပါသည်။ ။
စောခိုလုံ ရေးသားသည့် Drawing from the Sri Lankan Experience ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
စောခိုလုံ (Saw Kholon) သည် မူရင်းဖားအံမြို့တွင် နေထိုင်သူတဦးဖြစ်၍ သီးခြားလွတ်လပ်သော နိုင်ငံရေး အကဲဖြတ်တဦး ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၊ ဘလူးမင်တန်ရှိ အင်ဒီယားနားတက္ကသိုလ်မှ လူထုအုပ်ချုပ်ရေး ဘာသာ အထူးပြုဘွဲ့ ရရှိခဲ့သူလည်း ဖြစ်သည်။ [email protected] တွင် ဆက်သွယ်နိုင်ပါသည်။