ရဟန်းတော်များနှင့် ရခိုင် ပြည်နယ် အစိုးရ ထိပ်တိုက်တွေ့

ရဟန်းတော်များနှင့် ရခိုင် ပြည်နယ် အစိုးရ ထိပ်တိုက်တွေ့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဖွဲစည်းထားသော အဖွဲ့အစည်းကို တရားမဝင် အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်မှ စွပ်စွဲ ပြောကြားပြီးနောက် ရဟန်းတော်များနှင့် ပြည်နယ် အစိုးရ အကြားတွင် ဆက်ဆံရေး တင်းမာ နေကြောင်း သတင်း ရရှိသည်။

Buddhist-Monks
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ရဟန်းတော်များ ဖွဲ့စည်းသော ရဟန်းပျိုနှင့်  သံဃာ တော်များ အဖွဲ့ (စစ်တွေ) ကို ဖွဲ့စည်းခဲ့ပြီးနောက် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ရဟန်းတော် များအား လောက နန္ဒဘုရားကြီးသို့ ပင့်ခေါ်ပြီး ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း အဖွဲ့၏ ဒု အတွင်း ရေးမှူး ဖြစ်သူ အရှင် ဓမ္မဓဇ က နိရဥ္စရာသို့ ပြောသည်။

“ တရားမဝင် အဖွဲ့ဆိုပြီးတော့ သူတို့က စွပ်စွဲပါတယ်။ အဲဒီလို စွပ်စွဲတဲ့အခါ စစ်တွေမြို့မှာ ရှိတဲ့ ဆရာတော်ကြီး တွေက သူတို့ စွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။ အခု ဖွဲ့စည်းထားတာကလည်း ဆရာတော်ကြီးတွေ ကိုယ်တိုင် က အကြံအဉာဏ်တွေ ပေးထားတာ ဖြစ်တယ်။ သြဝါဒ စရိယ ဆရာတော်ကြီးတွေလည်း ဒီအထဲမှာ ပါတယ်။ ရခိုင်သားတွေ ငြိမ်းချမ်းရေး အတွက် လုပ်ထားတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့ စွပ်စွဲသလို အကြမ်းဖက် အဖွဲ့အစည်းမဟုတ်ဘူးဆိုပြီး ဆရာတော်ကြီးတွေက သူတို့ စွပ်စွဲတာကို ပယ်ချ လိုက်ပါတယ်။”

စစ်တွေတွင် ရှိသော ရဟန်းတော်များက ရဟန်းပျိုနှင့် သံဃာတော်များအဖွဲ့(စစ်တွေ)ကို  ဇူလိုင်လ ၃ ရက်နေ့က  ရခိုင်ပြည်နယ်  ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ ၎င်းနောက်ပိုင်း ယခုလို စွပ်စွဲမူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ သူတို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် လှမောင်တင်ရယ်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် တခြားဝန်ကြီးများလည်း ပါ၀င်တယ်။ သူတို့က ဒီသံဃာ အဖွဲ့ ဖွဲ့စည်းတာကို မကြိုက်ဘူး။ ဒါကြောင့် ခုလို ပြောဆိုတာ ဖြစ်တယ်။ ဆရာတော်ကြီးတွေကလည်း ပြန်လည် ပြောပြပါတယ်။ နောက်ဆုံးတော့ အကြမ်းဖက်မူတွေကို မလုပ်ပါနဲ့ဆိုပြီး ပြောဆိုကာ ထွက်သွားကြပါတယ်” ဟု အရှင် ဓမ္မဓဇက ပြောသည်။

ယခုရဟန်းတော်များ ဖွဲ့စည်းထားသော အဖွဲ့တွင် သံဃာတော် ၂၀၀ နီီးပါး ပါ၀င်ပြီး ဥက္ကဌ ဆရာတော်မှာ ဦးဉာဏ၊ အတွင်းရေးမှူး (၁) ဆရာတော်မှာ ဦးကေသာရတို့ ဖြစ်ကြောင်း သိရသည်။

အဖွဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကိုလည်း အရှင် ဓမ္မဓဇက ယခုလို ပြောသည်။

“ ဖွဲ့စည်းထားတဲ့ ရည်ရွယ်ချက်ကတော့ခါ အဂု ရခိုင်ပြည်မှာ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းမှာ မွတ်ဆလင် အကြမ်း ဖက်သမားတွေရဲ့ ရန်က ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက် ပါ။ ဦးဇင်းတို့ အဖွဲ့တခုတည်း မဟုတ်ဘဲ သာရေးနာရေးအသင်းတွေ၊ ဆရာတော်ကြီးတွေ၊ နောက်ပြီး တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်း သွားဖို့ ငြိမ်းချမ်းရေး အနေနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။”

၎င်းပြင် အဆို အဖွဲ့အနေဖြင့် လတ်တလော အနေဖြင့်  မူဆလင်ကျေးရွာများသို့ ပစ္စည်းများ တင်ပို့ နေမူများအား စိစစ်ရန်၊ အကြမ်းဖက် လိုသူ မွတ်ဆလင် တချို့နှင့် အဆက်အစပ် လုပ်ပြီး ဆူပူအောင် ဖန်တီးနေသူများကို ဖေါ်ထုတ်ရန်၊  မူဆလင်များထံမှ လာဘ်ထိုး ငွေများကို ရယူပြီး ရခိုင်ပြည်နယ် အတွင်း  ခေါ်သွင်းလာသော အကျင့်ပျက် ၀န်ထမ်းတွေကို အတတ်နိုင်ဆုံး ဖေါ်ထုတ်ပြီး အရေး ယူရန်တို့ ဖြစ်ကြောင်း ပြောဆိုသည်။

ယခု ဖြစ်ပေါ်နေသော ရခိုင် ဆူပူ အကြမ်းဖက်မူတွင် ရဟန်းတော်များ ပါ၀င်လာမည်ကို ပြည်နယ် ဒေသ အာဏာပိုင်များက အထူး စိုးရိမ်နေကြောင်း သတင်း ရရှိသည်။

Most read this week