ရန်ကုန် ဘူတာကြီး မီးရထား ရဲစခန်းမှ ရဲတပ်သား သုံးဦးက တောင်ဒဂုံ ရပ်ကွက်အမှတ် ၆၅၃၊ ယုဇနလမ်းနေ ဦးမြင့်ဝေ၏သား ကိုကျော်မင်းခိုင်အား ဇွန်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးပြီး ရိုက်နှက်ကာ ထိုည၌ ကန်တော်ကြီး စောင်းသို့ သွားရောက် စွန့်ပစ်ခဲ့သည်ဟု ကာယကံရှင် မိသားစုမှ ပြောသည်။
“ဘာကြောင့် ဖမ်းပြီး ခေါ်တာလဲဆိုတာ ကျမတို့လည်း မသိဘူး။ လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ လက်မှာ လည်း လက်ထိပ် ခတ်ထားတဲ့ ဒဏ်ရာအညို စွဲနေတယ်။ မီးရထား ရဲစခန်းထဲမှာ ကျမ မောင်လေးကို ဝိုင်းနှိပ်စက် ရိုက်နှက်ပြီး သေလုမျောပါး ဖြစ်တော့မှ ကန်တော်ကြီး စောင်းမှာ သွားပစ်ထားကြတယ်။ ဂန်းပိုက်တွေနဲ့ စခန်းထဲမှာ ရိုက်တယ်။ စစ်ဘွတ်ဖိနပ်တွေနဲ့ ကန်တယ်။ အခုဆိုရင် ကျမ မောင်လေးက ခါးအောက်ပိုင်း လုံးဝ လှုပ်လို့ မရတော့ဘူး။ မျက်နှာ နှစ်ဖက်မှာလည်း ညိုမဲရာတွေနဲ့ ဒဏ်ရာတွေချည်းပဲ” ဟု ကိုကျော်မင်းခိုင်၏ အမဖြစ်သူ မသင်းနော်စိုး က ပြောသည်။
စွန့်ပစ်ခံရပြီး တရက်နှင့် နှစ်ည အကြာ ဇွန်လ ၂၀ ရက်နေ့ မနက်တွင်မှ ကွမ်းယာ ရောင်းသူ တဦးက တွေ့ရှိပြီး ကိုကျော်မင်းခိုင်အား တက္ကစီဖြင့် တောင်ဒဂုံရပ်ကွက် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ကိုကျော်မင်းခိုင်သည် မီးရထား ဌာနတွင် မီးရထား စားသောက်တွဲ စားပွဲထိုးအဖြစ် ၁၁ နှစ် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ အဖ ဦးမြင့်ဝေမှာလည်း မီးရထား ရုံပိုင်ဟောင်းတဦး ဖြစ်သည်။
အခင်း ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် ကိုကျော်မင်းခိုင်သည် မိခင် ဖြစ်သူအား ပဲခူးမြို့ရှိ ဆွေမျိုးများထံ အလှူလုပ်ရန် သွားပို့ပြီး ညနေ ၃ နာရီ နေပြည်တော် ရထားဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
မီးရထားပေါ်၌ အိပ်ပျော်သွားကာ တောင်ဒဂုံ ဘူတာ၌ မဆင်းမိဘဲ ရန်ကုန် ဘူတာကြီးထိ ပါသွားခဲ့သည်။ ထို့နောက်မှ ယခုကဲ့သို့ ဖမ်းဆီး နှိပ်စက်ခံရခြင်း ဖြစ်သည်ဟု ကာယကံရှင် မိသားစုမှ ပြောသည်။
အဆိုပါ မှုခင်းအား ရန်ကုန် ဆေးရုံကြီး မှုခင်းဌာနမှ ရဲတပ်ကြပ်ကြီး ကျော်ရှိန်က မင်္ဂလာ တောင်ညွှန့် ရဲစခန်း၌ အမှုဖွင့်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးက ထိုအမှုအား လက်ခံထား သည်။
သို့သော် ရန်ကုန် ဘူတာကြီး မီးရထား ရဲစခန်းမှ စခန်းမှူး ဦးစိန်သန်း က ထိုလုပ်ရပ်မှာ ၎င်းတို့ မီးရထား ရဲစခန်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း ငြင်းချက် ထုတ်ထားသည်။
“ကျမတို့ မောင်လေးလည်း မီးရထားမှာ အတော်ကြာ လုပ်ဖူးပါတယ်။ မီးရထား ရဲဝတ်စုံကို ကောင်းကောင်း မှတ်မိပါ တယ်။ သူ့ကို ဖမ်းတဲ့ အချိန်မှာလည်း အဲဒီ ရဲသား သုံးယောက်က သူ့မှာ ရှိတဲ့ မီးရထား စားသောက်တွဲ စားပွဲထိုးကဒ် ကို တောင်းကြည့် သေးတယ်။ အဲဒီ လူသုံးယောက် စခန်းမှာ ခေါ်ပြီး နှိပ်စက်တုန်းက စခန်းမှူး လုပ်တဲ့သူ ဦးစိန်သန်း ကိုယ်တိုင် စခန်းမှာ ရှိပါတယ်လို့ မောင်လေးက အသေအချာ ပြောပါတယ်” ဟု မသင်းနော်စိုး က ပြောပါသည်။
အသက် ၃၃ နှစ်အရွယ်ရှိ ကိုကျော်မင်းခိုင်အား ယခု ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင်
ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကူညီ ဆောင်ရွက်ပေးနေကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောသည်။