စစ်လက်နက် တင်ပို့ရောင်းချခြင်းမှအပ မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံမှ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆိုလိုက်သည်။
ကြာသပတေးနေ့ နံနက်ပိုင်းက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက် ခြင်းဖြစ်သည်။
အကျပ်ကိုင်မှုဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ထိရောက်တော့မှာမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုက သာ ပိုမိုသာလွန် ကောင်းမွန်ကြောင်း သြစတြေးလျ ဝန်ကြီးက ပြောသည်။
လူ ၁၂၆ ဦးအား ခရီးသွားလာခွင့်နှင့် ငွေကြေးစီးဆင်းမှုဆိုင်ရာ ပိတ်ဆို့ထားမှုအား ရုတ်သိမ်းပေးလိုက်သည်။
၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းကလည်း အစိုးရ အရာရှိနှင့် လူပုဂ္ဂိုလ် ၂ဝဝ အတွက် ဖွင့်ပေးခဲ့ပြီး ကျန်ရှိနေသေးသူများ အတွက်လည်း ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
သို့သော် ပိတ်ဆို့မှုများအား လိုအပ်လာပါက ပြန်လည်ချမှတ်မည်ဖြစ်ပြီး အဆိုပါ လူပုဂ္ဂိုလ်များအား သြစတြေးလျနိုင်ငံ သို့ လာရောက်ခွင့်ကို ပြန်လည်ရပ်တန့်နိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
ဖွံ့ဖြိုးရေး အကူအညီများ တိုးမြှင့်ပေးရန်အတွက် မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေ သည့် Bob Carr သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံအတွက် အကူအညီများနှင့် ပိတ်ဆို့မှုများ ဆက်လက် ရုတ်သိမ်းရေးကိစ္စတို့ကို ဆွေးနွေး ခဲ့သေးသည်။
“အရေးယူပိတ်ဆို့မှုတွေကိစ္စ ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျမကတော့ ပိတ်ဆို့မှုတွေ ဆိုင်းငံ့ထားတာကို ထောက်ခံပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ က ပြောသည်။
ထို့ပြင် “ပြုပြင်ပြောင်းလဲမှုတွေ ရှေ့မဆက်ဘူးဆိုရင်တော့ ဒါကြောင့်ရလာတဲ့ အကျိုးဆုလာဘ်တွေလည်း ရုတ်သိမ်းခံ ရမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သေးသည်။
သြစတြေးလျနိုင်ငံသို့ လာရောက်ရန် Bob Carr ၏ ဖိတ်ကြားချက်ကို လက်ခံကာ ၂ဝ၁၃ ခုနှစ်တွင်လာရောက် နိုင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။
သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင် နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။
အကူအညီအများစုကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ပေးအပ်လေ့ရှိပြီး ထိုဒုက္ခသည်များအရေး ဆောင်ရွက် နေကြသည့် နိုင်ငံတကာ NGO များ၊ လူမှုအဖွဲ့အစည်းများနှင့် သြစတြေးလျ စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့လေ့ရှိသည်။
ထို့ပြင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုနှင့် HIV/AIDS ထိန်းချုပ်ရေးအတွက်လည်း AusAID က ကူညီပေးလျက် ရှိသည်။
မြန်မာအစိုးရအနေနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပါက အကူအညီများလည်း ထပ်မံတိုးမြှင့်သွားဖို့ ရှိကြောင်း AusAID ၏ ညွှန်ကြားရေးမှူးချုပ် Peter Baxter က မေလအတွင်းက ပြောဆိုထားသည်