ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီသည် မေလ ၂၂ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းများသို့ လေ့လာရေးခရီးများ စတင် ထွက်ခွာလာခဲ့ကြသည်။
ထိုပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၃ဝ ဖြင့် ဖွဲ့စည်းထားကာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့နှင့် ဝ’ ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ် ဦးဆောင်သောအဖွဲ့ဟူ၍ အုပ်စု နှစ်စုခွဲကာ လေ့လာရေးခရီး ထွက်ခဲ့ကြခြင်း ဖြစ်သည်။
ဦးစိုင်းပေါင်းနပ် ဦးဆောင်သည့် ကော်မတီဝင်များသည် မေလ ၂၄ ရက်နေ့ မနက်တွင် ငြိမ်းချမ်းရေး ယူထားသော မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့၏ ဆက်ဆံရေးရုံး အရာရှိများနှင့် ထားဝယ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း ကော်မတီဝင်တဦး ဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် က ပြောသည်။
မနက် ၈ နာရီမှ ၁ဝ နာရီခွဲအထိ ထားဝယ်မြို့တွင် တွေ့ဆုံခဲ့ပြီး စာပေ ယဉ်ကျေးမှု ရေးရာကိစ္စများ၊ ဘာသာရေး ကိစ္စများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စများနှင့် ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ထို့အပြင် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း မေလ ၂၃ ရက်နေ့ တွင် တွေ့ဆုံခဲ့ကြသေးသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒေသဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး ကဏ္ဍများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြဟု သိရသည်။
ထို ကော်မတီဝင်များသည် မေလ ၂၄ ရက် ညနေတွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီး မေလ ၂၅ ရက်နေ့ မနက်တွင် ကရင်ပြည်နယ်သို့ ဆက်လက် ထွက်ခွာကြဦးမည် ဖြစ်သည်။
ဦးစိုင်းပေါင်းနပ် ဦးဆောင်သည့် အဖွဲ့သည် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ကို သွားရောက်ကြမည် ဖြစ်သည်။
ခရီးစဉ်တွင် သက်ဆိုင်ရာ ပြည်နယ်တိုင်း အသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ ယဉ်ကျေးမှု အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန်လည်း ပါဝင်သည်။
“ကျနော်က ဦးသိန်းဇော်အဖွဲ့မှာ ပါတယ်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း
ဒေသကြီးတို့ကို သွားမယ်။ အဓိက သွားမှာကတော့ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို သွားမှာပါ” ဟု ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်း က ပြောသည်။
“တိုင်းရင်းသားများရဲ့ စာပေယဉ်ကျေးမှု ကိစ္စရပ်တွေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ၊ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို အသေးစိတ် လေ့လာ သိရှိနိုင်ရန်အတွက် ခရီးစဉ်ကို စီစဉ်တာပါ”ဟု ဦးငွန်မောင်း က ဆက်ပြော သည်။
လွှတ်တော်တရပ်စီမှ ဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတို့ကို လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။
လွှတ်တော်နှစ်ရပ် ပူးပေါင်း၍ ဖွဲ့စည်းသည့် ပူးပေါင်းကော်မတီကိုမူ တတိယ ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။