နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍလေးခုတွင် ပြုပြင်ပြောင်းလဲမှုများ အမြန် ပြုလုပ်ရန် တနင်္ဂနွေနေ့ သမ္မတရုံးတွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးတွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသွားသည်။
“Reform လုပ်သည်ဆိုရာတွင် Political Reform, Administration Reform, Economic Reform, Social Reform စသည်တို့အနက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို မြန်မြန်ထက်ထက် ပြုပြင်သွားကြရမည် ဖြစ်ပါကြောင်း။ မိမိတို့၏ Mindset (စိတ်နေ သဘောထား) များလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ၏ ပြောကြားချက်ကို သတင်းစာများတွင် ဖေါ်ပြထားသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများကိုလည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်မူကြမ်းများ ရေးဆွဲတင်ပြရန် တိုက်တွန်း သွားပြီး ဦးစီးဌာနများ ဖေါင်းပွနေမှု ရှိမရှိ၊ လေလွင့်မှုရှိမရှိ ပြန်လည်စိစစ်ရန်လိုအပ်ပြီးအောက် ခြေအဆင့်အထိ ဆက်ဆံ၊ လုပ်ကိုင်ပုံများ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဟုလည်း ပြောကြားသွားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း ပြည်ထောင်စု ဝန်ကြီးဌာနများသည် တူညီသည့် မူဝါဒ ချမှတ်ထားခြင်း မရှိသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် ညှိနှိုင်းဆောင်ရွက်ကြရန်လည်း ထည့်သွင်း ပြောကြား သွားခဲ့သည်။
“ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ဟိုဌာနမူကတမျိုး၊ ဒီဌာန မူကတမျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း သူ့မူနှင့်သူ လုပ်ကြသည့် အလေ့အထ များကြောင့် ရင်းနှီးမြှုပ်နှံလိုသူများကြားတွင် အခက်အခဲ တွေ့နေကြရသည့် အခြေအနေကို ပြန်လည် လေ့လာသုံးသပ်ကြပြီး ဤညှိနှိုင်းအစည်းအဝေးတွင် ခိုင်မာသော အဖြေထွက်သည် အထိ ညှိနှိုင်းကြရန်” ဟု ဒုသမ္မတက ထည့်သွင်းပြောသွားသည်။
အစိုးရသက်တမ်း တနှစ်ကျော်ပြီဖြစ်သော်လည်း ဝန်ကြီးဌာများ၏ လုပ်ငန်းအကောင်အထည်မဖေါ်နိုင်မှု များရှိနေပြီး လုပ်နိုင်သည် မလုပ်နိုင်သည်ကို ရှင်းလင်းစွာ အသိပေးရန်လည်း လိုအပ်နေပြီဟု ဒုသမ္မတက ထောက်ပြ ပြောဆို သွားသည်။ ပြုပြင်ပြောင်းလဲရေးအတွက် ခေါက်ရိုးကျိုးနေသည့် တွန့်ဆုတ်နေမှုများကို လည်း ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်ရန် တိုက်တွန်းသွားခဲ့သည်။
ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေး စတင်ကျင်းပသည့် သောကြာနေ့တွင်လည်း သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ခေတ်နောက်ပြန်ဆွဲလိုသူများနှင့် တိုးတက်လိုသည့် အမြင်မရှိသူများကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှ ဖယ်ကြဉ်ထားခဲ့မည်ဟု ပြောဆိုသွားခဲ့သေးသည်။
“တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာ ချန်ထားခဲ့ ရပါမယ်” ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။
ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးကို သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့ပြီး သမ္မတနှင့် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဝန်ကြီးဌာပေါင်းစုံမှ ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဋ္ဌများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ အနားယူသွားပြီဟု မီဒီယာများက ဖေါ်ပြနေ သည့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ အစည်းအဝေး ကျင်းပသည့် ၃ ရက်တာ ကာလအတွင်း တက်ရောက်လာသည်ကို မတွေ့ရပေ။
သမ္မတ ဦးသိန်းစိန်သည် တနင်္လာနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် H.E.Mr. Wang Gang နှင့် တွေ့ဆုံခဲ့သေးပြီး ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အတွေ့အကြံု နည်းပါးသေးသည့်အတွက် သတိထား ဆောင်ရွက်နေသည်ဟု ပြောသည်ကို သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။