HIV ပိုးရှိသူ တသိန်းခန့် ဆေးဝါး အရေးပေါ် လိုအပ်နေ

HIV ပိုးရှိသူ တသိန်းခန့် ဆေးဝါး အရေးပေါ် လိုအပ်နေ
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူ ၂၄၀,၀၀၀ ခန့် ရှိသည့်အနက် တသိန်းခန့်မှာ ART ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်
ဒေါက်တာစစ်နိုင် က ပြောသည်။

NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့်ကမ္ဘာ့ AIDS နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္စျိမ)
ယခင်က ခုနှစ်သောင်းခန့် အတွက်သာ အရေးတကြီး လိုအပ်ခဲ့သော်လည်း ယခုကဲ့သို့ ပိုမိုများပြားလာရခြင်းမှာ ယခင်က CD4 ဆဲလ်အရေအတွက် ၂ဝဝ ရှိသူများကိုသာ ART ဆေးတိုက်ကျွေးခဲ့ပြီး ယခု ၃၅ဝ ရှိသူများကိုပါ တိုက်ကျွေးရန် ပြောင်းလဲလိုက်သောကြောင့် ဖြစ်သည်ဟု ဒေါက်တာ က ပြောသည်။

“အသစ်ပေးချင်တာ ဆေးသောက်ဖို့ လိုနေတဲ့လူက အရင်တုန်းက စံနှုန်းနဲ့တွက်ရင် ခုနှစ်သောင်းလောက် လိုတာပေါ့ နော်။ အခု စောစောစီးစီး ဆေးတိုက်ကြရအောင် ဆိုပြီး ပြောင်းလဲသွားတဲ့ စံနှုန်းနဲ့တွက်ရင် တသိန်းလောက် ဆေးသောက်ဖို့ လိုတဲ့လူ ရှိမလားလို့ မှန်းတာပေါ့” ဟု ဒေါက်တာစစ်နိုင် က ပြောသည်။

“ကွန်ပျူတာ generated volum တွေကို ရနိုင်သလောက် အချက်အလက်တွေ ထည့်ပြီးတော့ စက်ကို တွက်ခိုင်းတာ ကိုး။ သို့သော် အချိုးအစားအားဖြင့် အဲဒီလောက် ကွာတာ ရှိနိုင်တယ်။ နဂို လိုမယ်လို့ ပြောထားတာရဲ့ တဝက်လောက် ထပ်လိုသွားတာပေါ့”ဟု မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံသို့ ငှက်ဖျား၊ တီဘီ၊ HIV တို့အတွက် ထောက်ပံ့နေသော Global Fund အဖွဲ့မှ ထောက်ပံ့မှုများ ဖြတ် တောက် လိုက်ပြီးနောက် လူနာသစ်များအား ART ဆေးဝါး မပေးနိုင်သေးကြောင်း ဒေါက်တာစစ်နိုင်က ပြောသည်။

“Global Fund ကနေပြီးတော့ ယူမယ်ဆိုပြီးလုပ်တော့ လုပ်တာ။ သူက နားသွားတော့ ထပ်ရဖို့ နည်းနည်း ခက်သွား တယ်။ ခုလောလောဆယ် အသစ်ထပ်ခေါ်ဖို့ မရှိသေးဘူး။ အခုရှိနေတာက ရလက်စ လူတွေကတော့ ထပ်ရနေတယ်။

ပေးဖို့ လူတွေက ကျန်နေသေးပေမယ့် တိုးချဲ့ဖို့က ခက်သွားတယ်” ဟု သူက ဆက်ပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလက ရန်ပုံငွေ အခက်အခဲကြောင့် Global Fund ထောက်ပံ့မှုများ မြန်မာနိုင်ငံအပေါ် ဖြတ်တောက် ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ တောင်ဒဂုံနှင့် မြောက်ဒဂုံတို့ရှိ HIV ပိုးကူးစက်ခံရသူများ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတွင် ယခင် က ဝေဒနာရှင်ဦးရေ ၂၀၀ ရှိရာမှ ၃၀၀ ထိ တိုးမြင့်လာခြင်းကို ကြည့်ခြင်းအားဖြင့် ART ဆေးဝါး သောက်သုံးရမည့် သူများ အတွက် ပိုမိုခက်ခဲလာသည်ဟု ဂေဟာ တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြောသည်။

“ဒီမှာတောင် တနှစ်ခွဲ နှစ်နှစ်အတွင်းမှာ သုံးလေးဆလောက် လူနာ တက်လာတယ် ဆိုတော့။ ဒါကို တွက်ကြည့်ခြင်း အားဖြင့် ကျန်တဲ့လူတွေက ဆေးမရနိုင်ဘူးဆိုတာ ပြောလို့ရတာပေါ့။ တသိန်းတောင် မကလောက်တော့ဘူး။ ဆေး ပေးဖို့”ဟု သူက မဇ္စျိမကို ပြောသည်။

“ဆေးက NGO တွေကနေ ယူတာ တန်းစီရတယ်။ အရင်တုန်းက CD4 ၃၅ဝ အောက်ဆို ရတယ်။ ခုနောက်ပိုင်း ၁၅ဝ အောက် ပေးလာတယ်။ ဒီလို အကန့်အသတ်ရှိတော့ ဒီကို လာတဲ့လူတွေက CD4 ၂ဝဝ ဆေးပေးနိုင်တဲ့နေရာကို သွားရှာကြတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် ဒေါ်ဖြူဖြူသင်း က ဆိုသည်။

HIV ပိုးကူးစက်ခံရသူ ပိုများလာသဖြင့် ရရှိသည့် ရန်ပုံငွေနှင့် လုံလောက်မှု မရှိကြောင်း၊ မိုးတွင်းရောက်လာသဖြင့် ဂေဟာအတွင်း နေထိုင်ရန် လုံလောက်မှု မရှိသဖြင့် နေရာသစ်ပြန်လည် ရှာဖွေနေသည်ဟုလည်း ဒေါ်ဖြူဖြူသင်းက ပြောသည်။
NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ကမ္ဘာ့ AIDS နေ့ အခမ်းအနားတွင် တွေ့ရသည့် တေးသံရှင် ချစ်သုဝေ (ဓါတ်ပုံ မဇ္စျိမ)
မြန်မာနိုင်ငံအတွက် ART ဆေးဝါး အများဆုံးထောက်ပံ့ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း MSF ၏ အဆိုအရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုးရှိသူ ၃ဝ,ဝဝဝ ပြည့်အောင်ပင် ဆေးဝါးကုသမှု မရရှိသေးဟု ဆိုသည်။

“ကျမတို့မှာ လူနာတွေကို ငြင်းပဲငြင်းနေရတယ်။ ပိုပြီး ရောဂါဆိုးပြီး သေဆုံးသွားကြရမယ်ဆိုတာ ကျမတို့ သိပါတယ်” ဟု MSF မှ တာဝန်ခံ Dr. Maria Guevara အား ကိုးကား၍ ဂါးဒီယန်း သတင်းစာကြီးတွင် ရေးသားထားသည်။

ဆရာဝန်များအနေနှင့် ဆေးဝါးများကို ခွဲတမ်းစနစ်ဖြင့် ပေးနေရကာ အခြေအနေ အဆိုးဆုံး ဝေဒနာသည်များ ကိုသာ ဆေးညွှန်းရေးပေးနေရသည်ဟုလည်း ဆိုသည်။

ရောဂါရင့်မှ ဆေးခန်းရောက်လာ၍ သေဆုံးကြရသူ နှုန်းမှာလည်း ၂ဝ၁၁ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်း ရှိလာကြောင်း MSF က ဆိုသည်။ ကုလသမဂ္ဂ ၂ဝဝ၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုး ကူးစက်ခံပြီး နှစ်စဉ် လူ ၁၈,ဝဝဝ ခန့် သေဆုံးနေသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုအောက် ရောက်နေရသဖြင့် တလလျှင် ဒေါ်လာ ၃ဝ ဖိုး ကုန်ကျမည့် ART ဆေးဝါးအတွက် ဝေဒနာသည်များ မတတ်နိုင်ကြကြောင်း MSF က ဆိုသည်။

အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတွင်လည်း ဘဏ္ဍာငွေ အလွန်ကြပ်တည်းလျက်ရှိသည်။ ဌာနအတွက် လိုအပ်သော ဘဏ္ဍာငွေ၏ ၄၃ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း ဝန်ကြီး ဒေါက်တာဖေသက်ခင်က ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ လိုအပ်သည်မှာ ကျပ်သန်းပေါင်း ၈,ဝဝဝ ဖြစ်သော်လည်း ကျပ်သန်း ၃,၅ဝဝ သာ ရရှိခဲ့၍ အစိုးရဆေးရုံ ဆေးခန်းများတွင် ဆေးဝါးမလုံလောက်မှု၊ လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။