မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အထောက်အကူဖြစ်ရန် အတွက် မွန်ပြည်သစ်ဘက်မှ တစိုက်မတ်မတ် တောင်းဆိုခဲ့သည့် တကျွန်းကျ အကျဉ်းသား ပါတီဝင်နှစ်ဦးကို ဧပြီလ ၃ဝ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ပါတီကို လွှဲအပ်ခဲ့သည်။
တကျွန်းဒဏ်မှ လွတ်မြောက်လာသူ နိုင်ယက္ခနှင့် အင်တာဗျူး
မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အထောက်အကူဖြစ်ရန် အတွက် မွန်ပြည်သစ်ဘက်မှ တစိုက်မတ်မတ် တောင်းဆိုခဲ့သည့် တကျွန်းကျ အကျဉ်းသား ပါတီဝင်နှစ်ဦးကို ဧပြီလ ၃ဝ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ပါတီကို လွှဲအပ်ခဲ့သည်။
ထိုသို့ လွတ်မြောက်လာသူ နှစ်ဦးမှာ အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေးတို့ ဖြစ်ကြသည်။
နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီ ခရိုင်အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်းနှင့် ဗဟို နိုင်ငံရေးသင်တန်း ဒုကျောင်းအုပ်ဖြစ်သည်။ နိုင်မျိုးသွေးမှာ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က ဗိုလ်ကြီးဟောင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးမှာ ၂ဝဝ၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီး နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် သေဒဏ် ချထားရာမှ အယူခံဝင်၍ တသက်တကျွန်း ပြောင်းလဲချခံရသည်။
အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်းတွင်ပင် ၎င်းတို့ အဖမ်းခံခဲ့ရပုံ၊ ထောင်တွင်း အတွေ့အကြံု၊ လွတ်မြောက် လာခဲ့ပုံများအပြင် အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အပေါ် သဘောထားများ သိရှိနိုင်ရန်အတွက် နိုင်ယက္ခအား မဇ္စျိမ ကဆက်သွယ် မေးမြန်းထားသည်။
ထောင်က လွတ်မယ်ဆိုတာ ဘယ်လို သိခဲ့ရတာလဲ။
ဧပြီလ ၃ဝ ရက်နေ့ မနက် ၆ နာရီမှာ ကျနော်တို့ကို လာနှိုးတယ်။ ကျနော်တို့က သီးသန့်မှာ ရှိနေတယ် ဆိုတော့ ထောင်ကြီးကို ခေါ်သွားတယ်။ ထောင်ကြီးကို ရောက်တော့ ရထားညွှန်မှူး ဗိုလ်မှူးကြီး စစ်ကိုကိုနဲ့ တွေ့တယ်။ သမ္မတကြီး က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့်အကြောင်း၊ အကယ်၍သာ မွန်ပြည်သစ်ပါတီ မတရားအသင်းပုဒ်မ ပြန်ဖြစ်သွားရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်လည်း အလိုလို ပျက်စီးသွားမယ့်အကြောင်း ပြောတယ်။ ကေအင်ယူက မန်းငြိမ်းမောင်လည်း ဒါလိုပဲ လက်မှတ် ထိုးထားတဲ့အကြောင်း ကျနော်တို့ကို ပြတယ်။ ကျနော်နဲ့ နိုင်မျိုးသွေး ထပ်ပြီး ဆွေးနွေးတယ်။ ကျနော် တို့ ဆုံးဖြတ်ချက်ချပြီး လက်မှတ်ထိုးကြတယ်။ အဓိပ္ပါယ်က ကျနော်တို့မှာ ထောင်ကြွေးကျန်နေတယ် ဆိုတဲ့သဘောပေါ့။
လက်မှတ်ထိုးလိုက်တဲ့ အထဲမှာ ဘာသဘောတူညီချက် ပါပါသလဲ။
စာထဲမှာတော့ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက် တဲ့ အကြောင်း၊ ရှေ့မှာ ပြစ်မှုတခုခု ဖြစ်ရင် ဒီကျန်နေတဲ့ ပြစ်ဒဏ်ကို ပြန်ဆပ်ရမယ့် အကြောင်း၊ အဓိကကတော့ ဒါတွေပါပဲ။
နိုင်ငံရဲ့ ပကတိ အခြေအနေကလည်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုနေပြီ။ ဒါပေမယ့် နှစ်ဖက်လုံးက စေတနာတွေ ဖြူစင်မယ် ဆိုရင်တော့ ရေရှည် တည်တံ့ပါလိမ့်မယ်။
ဘာတွေကို မလုပ်ရဘူး ဆိုတာမျိုး သဘောတူထား ခဲ့တာကော ရှိပါသလား။
မရှိပါဘူး။ မရှိပါဘူး။
ဘာ့ကြောင့် လွတ်လာတာလဲလို့ ပြောနိုင်မလဲ။
ဒါက နှစ်ပိုင်း ရှိတယ်။ တပိုင်းက အမေရိကန်တို့ အီးယူတို့ စတဲ့ နိုင်ငံတကာရဲ့ တွန်းအားပေါ့။ ကင်တားနားနဲ့လည်းထောင်မှာ ကျနော် တွေ့ခဲ့ရတယ်။ ဒါက တပိုင်း။ အထူးသဖြင့် မွန်ပြည်သစ်ပါတီပေါ့လေ။ ဒီအခြေအနေတွေ ညီညွတ် လာလို့ လွတ်လာတာပဲလို့ မြင်ပါတယ်။
ဒါနဲ့ ဘာ့ကြောင့် မွန်ပြည်သစ်ပါတီကို ရောက်လာခဲ့ရတာလဲ။
၁၉၇၉ ခုနှစ် ကျနော် ကောလိပ် တက်တုန်းက (မော်လမြိုင် ကောလိပ် မွန်မဂ္ဂဇင်း) ဖြစ်မြောက်ရေး တွဲဖက်အတွင်းရေးမှူး၊ နောက်နှစ်မှာ အတွင်းရေးမှူး ဖြစ်လာတယ်၊ မဂ္ဂဇင်းက ၁၉၈၁ လောက်မှာ ထွက်တယ်။ အဲဒီအချိန်မှာ ကျနော် မွန်ပြည်သစ်နဲ့ အဆက်အသွယ် ရှိနေပြီ။ မြေအောက် စည်းရုံးရေးမှူးပေါ့။ အဲဒီအချိန်ဆိုရင် ကျနော်တို့မှာ နိုင်ငံရေး ထွက်ပေါက် မရှိဘူး။ မဆလ ခေတ်ကိုး။ လက်နက်ကိုင် တော်လှန်ရေး လုပ်မှ ဖြစ်မယ်လို့ မြင်ပြီး မွန်ပြည်သစ်နဲ့ အဆက်အသွယ် လုပ်ခဲ့တယ်။
ကျောင်းပြီးတော့ ကျောင်းဆရာ ဖြစ်တယ်။ မူလတန်းပြကနေ အလယ်တန်းပြ။ ဒါပေမယ့် နိုင်ငံရေးနဲ့တော့ အဆက်အသွယ် မပြတ်ခဲ့ဘူး။ ရှစ်လေးလုံး ဖြစ်တော့ ကျနော်တို့ ဝင်ပြီး လှုပ်ရှားခဲ့တယ်။ ကျောင်းသားတွေ လက်နက်ကိုင် တော်လှန်ရေးနယ်မြေကို ရောက်ဖို့လည်း ကျနော် ကူညီခဲ့တယ်။ ၈၉ လောက်မှာ ကျနော့်အတွက် လုံခြုံရေးက မကောင်းတော့ဘူး။ မွန်ပြည်သစ်ကလည်း ကျနော့်ကို ခေါ်တော့ မွန်ပြည်သစ်ကို ရောက်လာရတာပါ။
အဖမ်းခံရတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြပေးပါလား။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က ဗဟိုအလုပ်အမှုဆောင် နိုင်ပန်းအောင် ရဲ့ မဆလ ခေတ်က လုပ်ဖော်ကိုင်ဖက် တယောက်က သူတို့ ကုမ္ပဏီသစ်တခု ဖွင့်ထားတယ်။ နာမည်တော့ မသတ်မှတ်ရသေးဘူး။ တရုတ်ပြည်က အီလက်ထရောနစ် ပစ္စည်းတွေကို ကျနော်တို့ မွန်ပြည်နယ်မှာ ရောင်းချဖို့အကြောင်း၊ အလုပ်ကိစ္စအတွက် သူတို့ ကုမ္ပဏီမှာ လေ့လာဖို့အကြောင်း ကျနော်တို့ကို ဖိတ်ခေါ်တယ်။ ကျနော်တို့ကလည်း သမ္မာအာဇီဝ အလုပ်ပဲ ဆိုပြီး ရန်ကုန်ကို လိုက်တက်သွားတယ်။ ကျနော်တို့ သုံးယောက်ပေါ့။ ကျနော်ရယ်၊ နိုင်မျိုးသွေးရယ်၊ နိုင်အောင်လွန်းရယ်။
ဟိုရောက်တော့ သူတို့က ကျနော်တို့ကို ကျောက်မြောင်းက မလွှကုန်းတိုက်ခန်း ပထမထပ်ကို ခေါ်သွားတယ်။ အဲဒီကိုရောက်တာနဲ့ စစ်ထောက်လှမ်းရေးနဲ့ရဲ အယောက် ၃ဝ လောက်က လက်နက်တွေ၊ နံပါတ်တုတ်တွေနဲ့ အသင့်စောင့်နေပြီး ကျနော်တို့ကို ဝင်ရိုက်တော့တာပဲ။
ကျနော်တို့ဘက်ကဆို အားလုံးပေါင်း ၅ ယောက်။ သူတို့က အယောက် ၃ဝ လောက်။ ခဏလောက်တော့ လုံးထွေးကြသေးတယ်။ ဒါပေမယ့် သူတို့ဘက်က လူများတော့ ကျနော်တို့ဘက်က လက်လျှော့လိုက်တယ်။ ပြီးတော့ ကျနော်တို့ကို ကြိုးတုတ်၊ လက်ထိပ်ခတ်၊ မျက်နှာဖုံးစွပ်ပြီး၊ ကပ်ရပ် တိုက်ခန်းတခုကို ခေါ်သွား တယ်။ ဟိုရောက်တော့ မျက်နှာဖုံးဖွင့် တယ်။ အဲဒီတိုက်ခန်းမှာ အသင့်ပြင်ထားပြီးသား သေတ္တာကြီးတလုံး ထုတ်ပြီး ဖွင့်တော့ အထဲမှာ လက်နက်တွေ၊ ဗုံးတွေ၊ TNT ယမ်းတွေ မနည်းဘူး။ မော်တော်ကား တစီးစာ တိုက်လို့ မကုန်ဘူး။ အဲဒီပစ္စည်းတွေနဲ့ ကျနော်တို့ကို ဓါတ်ပုံ တွဲရိုက် လိုက်တယ်။
ဒါတွေနဲ့ပဲ ကျနော်တို့ကို နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ (၁၂၂/၁)နဲ့ တရားစွဲပြီး သေဒဏ်ချလိုက်တယ်။ မွန်ပြည်သစ် ဘက်က ဒါကို အယူခံဝင်ပြီး ၅ လ၊ ၆ လလောက် အကြာမှာ တသက်တကျွန်း လျှော့ပေးတယ်။ ကျွန်းကြီးပေါ့ ၂၅ နှစ်။
ကျနော်တို့ကို ကြိုးတုတ်၊ လက်ထိပ်ခတ်၊ မျက်နှာဖုံးစွပ်ပြီး၊ ကပ်ရပ် တိုက်ခန်းတခုကို ခေါ်သွား တယ်။ ဟိုရောက်တော့ မျက်နှာဖုံးဖွင့် တယ်။ အဲဒီတိုက်ခန်းမှာ အသင့်ပြင်ထားပြီးသား သေတ္တာကြီးတလုံး ထုတ်ပြီး ဖွင့်တော့ အထဲမှာ လက်နက်တွေ၊ ဗုံးတွေ၊ TNT ယမ်း တွေ မနည်းဘူး။ မော်တော်ကား တစီးစာ တိုက်လို့ မကုန်ဘူး။ အဲဒီပစ္စည်းတွေနဲ့ ကျနော်တို့ကို ဓါတ်ပုံ တွဲရိုက်လိုက်တယ်။
အမှုတွဲမှာ ဘယ်သူတွေ ပါသေးသလဲခင်ဗျ။
ကျနော်တို့က ၃ ယောက်။ နိုင်ရွှေမန်းတို့က ၂ ယောက်။ ကိုဇော်သက်ထွေး (Eleven အားကစားဂျာနယ် အယ်ဒီတာဟောင်း)၊ ဦးအေးမြင့် (လမ်းပြကြယ်) တို့က ၅ ယောက်၊ အားလုံး ၁ဝ ယောက်ပါ။ ၂ လလောက် ကြာတဲ့အခါ တယောက်ကို သူတို့ လွှတ်ပေးလိုက်တယ်။ ၉ ယောက် ကျန်ပေါ့။ အားလုံးကို သေဒဏ်ချတယ်။ အယူခံဝင်တော့ ၅ ယောက်က ၂၅ နှစ်စီ။ ၄ ယောက်က ၃ နှစ်စီ။
နောက်တကြိမ် အယူခံ ထပ်ဝင်တော့ ၂၅ နှစ်သမားတွေထဲက နိုင်ရွှေမန်းက ၅ နှစ်၊ ကျန်တဲ့ ၄ ယောက်က အရင် အတိုင်းပဲ။ ၃ နှစ်သမားတွေက တနှစ် ဖြစ်သွားတယ်။ ထောင်ထဲမှာတော့ နိုင်အောင်လွန်းနဲ့ ဇော်မျိုးထက် နှစ်ယောက် ကျဆုံးသွားတယ်။ အခု ကျနော်တို့ လွတ်လာတဲ့အချိန်မှာတော့ သာယာဝတီထောင်မှာ ဖြူလေး (ခေါ်) ဇာနိုင်ထွန်း တယောက် ကျန်သေးတယ်။
သူက ဘာ့ကြောင့် မလွတ်ရတာလဲခင်ဗျ။
အထူးသဖြင့် မွန်ပြည်သစ်က ကျနော်တို့ကို သီးသန့် တောင်းတဲ့အတွက် ကျနော်တို့ လွတ်လာရတာပါ။ ကိုဇော်သက်ထွေး ဆိုရင် ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပဲ အဖမ်းခံရတယ်။ ဆိုလိုတာက အမှုကြီးအောင် တမင် လုပ်လိုက်တာ ပဲ။ နိုင်ငံတကာက ဖိအား၊ ILO ရဲ့ ဖိအားတွေကြောင့် ကိုဇော်သက်ထွေးတို့က ထောင်ကျပြီး တနှစ်ကျော်ကျော်လောက် မှာ ပြန်လွတ်သွားတယ်။ ကျနော်တို့က ၉ နှစ်နီးပါး နေလိုက်ရတယ်။ ဖြူလေးကတော့ ဘယ်သူကမှ ဖိအားပေး တောင်းဆိုတာ မရှိလို့ မလွတ်နိုင်သေးဘူးလို့ ထင်ပါတယ်။
အဲဒီတုန်းက ဒီပဲယင်း အရေးကလည်း ဖြစ်ပြီးစ ဆိုတော့ စစ်ထောက်လှမ်းရေးတွေက အဲဒါကို အာရုံလွှဲချင်လို့ အကွက်ဆင် ဖမ်းလိုက်တယ်လို့ အတော်များများက ပြောကြပါတယ်။ ဒီအပေါ်ကော ဘယ်လို မြင်ပါသလဲ။
အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒီကိစ္စအပေါ် အချို့က အမြင် ၂ ခု ပေးကြတယ်။ တခုက ဒီပဲယင်းကို ပြည်သူတွေ အာရုံစိုက်နေတဲ့အချိန်ဆိုတော့ ဒါကို အာရုံလွှဲဖို့ဆိုပြီး ဖမ်းတယ်လို့ မြင်တယ်။ နောက်တခုက ကျနော်တို့ကို မျက်စိနောက်လို့ အကွက်ဆင် ဖမ်းတယ်လို့ ထင်ပါတယ်။
မျက်စိနောက်တယ် ဆိုတာ ဘာကို ဆိုလိုပါသလဲ။
ကျနော်တို့က လူငယ်တွေကို နိုင်ငံရေးသင်တန်းတွေ ပို့ချတယ်၊ သွားလာလှုပ်ရှားနေတယ်ဆိုတော့ သူတို့အမြင်မှာ တမျိုးဖြစ်နေလေမလားပေါ့။
ထောင်ထဲမှာ ညှဉ်းပမ်းနှိပ်စက်တာတွေ ခံခဲ့ရပါသလား။
တိုက်ရိုက် နှိပ်စက်တာတော့ မရှိဘူး။ ဒါပေမယ့် ကျန်းမာရေး ကုသမှုအပိုင်းမှာတော့ ဆိုးတယ်။ ကိုယ်ကြိုက်တဲ့အချိန် မှာ ဆေးဝါးကုသမှု ခံယူလို့ မရဘူး။ ဆရာဝန်တွေကို စောင့်ရတယ်။ နောက်တော့ ဆေးဝါး နည်းတယ်။ ကုချင်ရင် အပြင်က ဆေးတွေကို မှာယူပြီးမှ ကုလို့ ရတယ်ဆိုတော့ သိပ်နောက်ကျတာပေါ့နော်။ အိမ်ကလည်း တလတကြိမ်မှ လာတွေ့နိုင်တာကိုး။
ကျနော့်မှာဆို ထောင်မကျခင်ကတည်းက အစာအိမ်ရောဂါ အခံရှိတယ်။ ထောင်ထဲရောက်တော့ ရောဂါနှစ်ခု ထပ်ရလာ တယ်။ သွေးတိုးနဲ့ လိပ်ခေါင်း။ စိတ်ဓါတ်ရေးအရ ညှင်းပမ်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ပြီး နေခဲ့ရတာပေါ့။
ဘယ်လို ပြန်တည်ဆောက်ပြီး နေခဲ့ရတာလဲ။
အဓိကကတော့ အနိဋ္ဌာရုံတွေကို မစဉ်းစားမိအောင် နေတာပေါ့။ ကိုယ့်အချင်းချင်း နိုင်ငံရေး ဆွေးနွေးတာတွေ လုပ်တယ်။ စိတ်တည်ငြိမ်အောင် ပုတီးစိပ်၊ တရားထိုင်တာပေါ့။
စစ်ကြောရေးမှာ ရှိတုန်းကရော။
သိပ်မဆိုးပါဘူး။ ကျနော်ကိုတော့ ရိုက်နှက်စစ်ဆေးတာတော့ မရှိပါဘူး။ ဒါပေမယ့် မအိပ်ရဘူး။ အစားအသောက် ကတော့ မနက် နို့တခွက် ညနေ နို့တခွက် ဒီလောက်ပဲ ရတယ်။ စစ်ကြောရေးမှာ နေရတဲ့ ၁ဝ ရက်လောက်မှာဆို။
ထောင်ထဲမှာကော စာရေး စာဖတ်ခွင့် ရှိပါသလား။
စာဖတ်တာပဲ ရတယ်။ စာရေးတာ မပြောနဲ့ ခဲတံက အစ ကိုင်ခွင့် မရှိဘူး။ စာဖတ်တာကတော့ အပြင်က ကိုယ်သွင်းနိုင် သလောက် ဖတ်လို့ ရပါတယ်။ အစိုးရ သတင်းစာတွေကို တော့ နေ့တိုင်း ပေးဖတ်ပါတယ်။
သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အကြောင်း၊ ရှေ့မှာ ပြစ်မှု တခုခု ဖြစ်ရင်ဒီကျန်နေတဲ့ ပြစ်ဒဏ်ကို ပြန်ဆပ်ရမယ့် အကြောင်း၊ အဓိကကတော့ ဒါတွေပါပဲ။
ထောင်ထဲမှာ နေခဲ့တဲ့ ၉ နှစ်နီးနီးအချိန်မှာ ဘာတွေ အကျိုးဖြစ်ခဲ့သလဲ။
အများကြီး ရခဲ့ပါတယ်။ ၂ ခု ရှိတာပေါ့နော်၊ တခုက နိုင်ငံရေး စာပေတွေ၊ အင်္ဂလိပ်စာတွေကို လေ့လာခဲ့ရ တယ်။ နောက်တခုကတော့ ကျနော်တို့ နိုင်ငံရေးသမားအချင်းချင်း အမြင်တွေဖလှယ် ဆွေးနွေးခဲ့ရတယ်။ ဒါတွေဟာ ထောင်ထဲ က အမြတ်တွေပါပဲ။
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘာတွေ ပြောချင်ပါသလဲ။
လွတ်တယ်ဆိုတော့ ကိုယ့်အတွက် ဝမ်းသာတာပေါ့နော်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ အထဲမှာ ကျန်နေသေးတော့ ဝမ်းနည်းတာပေါ့။ အခုချိန်မှာ ဒါတွေ မရှိသင့်တော့ပါဘူး။ အမြန်ဆုံး လွှတ်ပေးနိုင်ရင် တော့ သိပ်ကောင်းမှာ။
အဖမ်းခံရတဲ့အချိန်နဲ့ အခုအချိန်ဟာ အပြောင်းအလဲတချို့ ရှိခဲ့တယ်။ အခုကျနော်တို့ နိုင်ငံမှာ ပြောင်းလဲနေပြီလို့ တချို့က ပြောနေကြပြီ။ ဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ပြောင်းလဲနေပြီလို့ မမြင်ပါဘူး။ ပြောင်းလဲဖို့ ခြေလှမ်းစနေပြီလို့ပဲ မြင်ပါတယ်။ ထောင်က လွတ်စပဲ ရှိသေးတော့ အပြင်က အဖြစ်အပျက်တွေကို လေ့လာရဦးမယ်။ ထင်မြင်ချက် ပေးဖို့ကတော့ စောပါသေးတယ်။
မွန်ပြည်သစ် အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးကော ဘယ်လို မြင်ပါသလဲ။
စားပွဲခုံပေါ်မှာ ညှိနှိုင်းဆွေးနွေးလို့ ရရင် ဆွေးနွေးဖို့ နိုင်ငံတကာကလည်း လိုလားတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး အရ မဖြေရှင်းနိုင်လို့ပဲ လက်နက်နဲ့ ဖြေရှင်းနေရတယ် မဟုတ်လား။ စားပွဲခုံပေါ်မှာဆွေးနွေးနိုင် ရင်တော့ ပိုကောင်းတာပေါ့။
ဒီအကြိမ် အပစ်အခတ် ရပ်စဲရေးကကော ရေရှည် တည်တံ့နိုင်ပါ့မလား။
ဒါကတော့ နှစ်ဖက် စေတနာပေါ်မှာ မူတည်ပါတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်ဆန္ဒတွေ ရှိကြမယ်ဆိုရင် သူနည်းနည်းလျှော့ ကိုယ်နည်းနည်းလျှော့။ ဒီလို လုပ်ယူရမှာပဲ။ ကိုယ့်အလိုဆန္ဒအတိုင်း တကြိမ်တည်းနဲ့တော့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အဓိကကတော့ ငြိမ်းချမ်းရေးကို လိုလားတဲ့ စေတနာပဲ။ ဒါက အခြေခံပဲ။ ကျနော်တို့နိုင်ငံရဲ့ ပကတိ အခြေအနေကလည်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုနေပြီ။ ဒါပေမယ့် နှစ်ဖက်လုံးက စေတနာတွေဖြူစင်မယ် ဆိုရင်တော့ ရေရှည် တည်တံ့ပါလိမ့်မယ်။
ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ ဗမာအပါအဝင် တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ဖို့ ဘာတွေ လိုအပ်ပါသလဲ။ ဘာတွေက အဟန့်အတား ဖြစ်နေပါသလဲ။
အဟန့်အတား ဆိုတာက မဟာလူမျိုးကြီးဝါဒနဲ့ အမျိုးသားအမြင်ကျဉ်းဝါဒပဲ။ ဒါတွေကို နှစ်ဖက်လုံးက ပစ်ပယ်ပြီးဖြူစင်တဲ့စိတ်ထား စေတနာတွေနဲ့ လုပ်သွားမယ်ဆိုရင် ဖြစ်လာမှာပါ။