ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo ဆံပင်တုစက်ရုံမှ အမျိုးသမီး အလုပ်သမား များ ၂၀၀ ကျော်သည် အချက် ရ၈ ချက်ပါ တောင်းဆိုချက်များ ရရှိရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့ ဗုဒ္ဓဟူးနေ့ နံနက်က လာရောက် အရေးဆိုကြသည်။
အမျိုးသမီး အလုပ်သမားပေါင်း ၁,၈၀၀ ခန့် ရှိသည့် ကိုရီးယားအမျိုးသားပိုင် Hi-Mo စက်ရုံမှအလုပ်သမား များသည် လက်ရှိ အခြေခံလစာ ၈,၅၀၀ မှ ၃ သောင်းခွဲထိ တိုးမြှင့် ရရှိရေးအပါအဝင် အလုပ်ချိန်၊ ခွင့်ရက်၊ အချိန်ပိုကြေးတို့အပြင် ကျန်းမာရေးနှင့် အခြား လူမှုဖူလုံရေးတို့ကို တောင်းဆိုထားကြောင်း ဆန္ဒပြနေသည့် မကေခိုင်ဦး က မဇ္စျိမကို ပြော သည်။
“မနက်ကတုန်းက လှိုင်သာယာ အလုပ်သမားရုံးကို သွားညှိတယ်။ စက်ရုံကိုယ်စားလှယ် ဒေါ်နန်းသောင်းရင် က အလုပ်သမားရုံးမှာ ရှင်းမပေးနိုင်ပါဘူး၊ စက်ရုံမှာ ရှင်းပေးမယ်ဆိုတာ ညီမတို့က လုံးဝလက်မခံနိုင်ဘူး။
အဲဒါနဲ့ အခု ရုံးချုပ်ကြီးကို ရောက်လာတာ။ ညီမတို့ရဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ရ ဦးနဲ့စက်ရုံကိုယ်စား လှယ်ရော ရုံးထဲမှာ ညှိနှိုင်းနေကြတယ်။ သူဌေးက မစ္စတာဟုမ်း။ ကိုရီးယားပဲ” ဟု ပြောသည်။
အလုပ်သမားရုံးထဲတွင် တာဝန်ရှိသူများရှေ့မှောက်၌ စက်ရုံကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့်ညှိနှိုင်းနေ သည့် အလုပ်သမားကိုယ်စားလှယ် ရ ဦးမှာ မသီတာထွန်း၊ မယဉ်မင်းလွင်၊ မမြနှင်းရည်၊ မနီလာအောင်၊ မလဲ့လဲ့ခင်၊ မအေးမြတ်မွန်နှင့် မထက်ထက်မှုန်တို့ဖြစ်ကြောင်း သိရသည်။
ညနေ ၄ နာရီခွဲအထိ ညှိနှိုင်းမှု မပြီးသေးသော်လည်း တောင်းဆိုချက်များ ရသည်အထိ ဆက်လက် ဆန္ဒပြသွားကြမည် ဟုလည်း မကေခိုင်ဦး က ပြောသည်။
“စက်ရုံကို ပြန်သွားရင် သူတို့အဆောင်မှာနေရပြီး၊ သူတို့ကျွေးတဲ့ထမင်း စားနေရတော့ ညီမတို့ကို ချိတ်ပိတ်ပြီးတော့ သူတို့ဘက်ခြမ်းကနေ ဖိစီးတော့မှာ။ ဒါကြောင့် ညီမတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဒီမှာပဲ အပြီးအပြတ် တောင်းဆိုတာ။ ခု အဆင်ပြေအောင် ညှိမပေးသေးဘူး။ အချိန်ဆွဲနေတာလေ။ ပထမအခေါက် ဆန္ဒပြတုန်းကလည်း ည ၈ နာရီခွဲထိ ခေါ်ထားတာ” ဟု မကေခိုင်ဦး က ပြောသည်။
စက်ရုံထဲတွင် အလုပ်ရှင်နှင့် ညှိနှိုင်းပါက လာရောက်စောင့်ကြည့်သူများ၊ သတင်းမီဒီယာများနှင့် ဝေးကွာသွားမည် ဖြစ်၍လည်း အလုပ်သမားရုံးတွင်သာ ဆက်လက် ဆန္ဒပြလိုကြကြောင်း သိရသည်။
“ကလေးမလေးတွေက အသက် ၂၀ အောက်လေးတွေ များတယ်။ တောင်းဆိုထားတဲ့ ရ၈ ချက်ထဲက လုပ်ရက်၊ အလုပ်ချိန်၊ ခွင့်တို့နဲ့ ပတ်သက်တဲ့ ရ ချက်ကို လိုက်လျောပေးသင့်တယ်လို့ အလုပ်သမားရုံးကနေ ပြောပေမယ့် စက်ရုံကိုယ်စားလှယ် အမျိုးသမီးက လိုက်လျောမှု လုပ်မပေးသေးဘူး။ စက်ရုံထဲရောက်သွားရင် ညှိနှိုင်းကြတာကို မီဒီယာတွေနဲ့ စောင့်ကြည့်သူတွေ ကြည့်လို့ မရတော့ဘူး။ ဒါကြောင့် ဒီမှာပဲ လောလောဆယ် ဆက်နေပြီးတော့ တောင်းတဲ့အချက်တွေ ရအောင်စောင့်မယ်လို့ ဆုံးဖြတ်ထားကြတယ်တဲ့” ဟု ဆန္ဒပြပွဲသို့ သတင်းရယူနေသည့် မဇ္စျိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။
ဆန္ဒပြ အလုပ်သမားများအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က သောက်ရေသန့်နှင့် ပေါင်မုန့်များ လာရောက် ဝေငှလှူဒါန်းသွားသည်။ ထို့ပြင် ဆန္ဒပြရာသို့ ၈၈ မျိုးဆက် ကျောင်းသားများ၊ အဲန်အယ်ဒီ လူငယ်အချို့နှင့် နိုင်ငံရေးပါတီ တချို့လည်း လာရောက်ကြည့်ရှု အားပေးနေကြသည်။
အဆိုပါ စက်ရုံတွင်ပင် ဧပြီလ အတွင်းကလည်း အလုပ်သမား အခွင့်အရေးများအား တောင်းဆိုဆန္ဒပြမှု ဖြစ်ပွားခဲ့သေး ကြောင်း အလုပ်သမားလေး မကေခိုင်ဦး က ပြောသည်။
“၄ လပိုင်း ၅ ရက်နေ့က တခါ ဆန္ဒပြခဲ့ဖူးတယ်။ ၅၄ ယောက်နဲ့။ အဲဒီတုန်းက သဘောတူခဲ့တဲ့ စည်းကမ်းတွေကို စက်ရုံက ချိုးဖောက်တဲ့အတွက် အခုတခါ ပြန်လုပ်ကြတာ” ဟု ပြောသည်။
Hi-Mo စက်ရုံတွင် အလုပ်သမားအများစု၏ လက်ရှိ အခြေခံလစာမှာ ၈,၅၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံး အခြေခံလစာ ဖြစ်သည့် ကျပ် ၁၂,ဝဝဝ ရရှိသည့် အလုပ်သမားဦးရေမှာ ၅၀ ပင် မရှိကြောင်း မကေခိုင်ဦးက ပြောဆိုသွားသည်