ဗုံးနှစ်လုံးပေါက်ကွဲမှု မိမိတို့လက်ချက်ဟု ပူးပေါင်းအဖွဲ့တခုက ၀န်ခံ

ဗုံးနှစ်လုံးပေါက်ကွဲမှု မိမိတို့လက်ချက်ဟု ပူးပေါင်းအဖွဲ့တခုက ၀န်ခံ
by -
ကိုဝိုင်း
ရန်ကုန်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုများသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပူးပေါင်း တော်လှန်ရေး အင်အားစု WBURF အဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ...

ချင်းမိုင် (မဇ္စျိမ)။     ။ ရန်ကုန်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုများသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပူးပေါင်းတော်လှန်ရေး အင်အားစု WBURF အဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပဒုမ္မာ ပန်းခြံဝင်းအတွင်းနှင့် ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ လှည်းတန်း မှတ်တိုင်ရှေ့တွင် ယမန်နေ့က ထိခိုက်သေဆုံးမှု မရှိခဲ့သော ဗုံးများ တနာရီခြား၍ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့သည်ကို ရန်ကုန်မြို့အခြေစိုက်ပါသည်ဆိုသော ယခုအဖွဲ့က ထုတ်ဖော်ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ယင်းဖောက်ခွဲမှုများသည် အာဏာရှင် စစ်အုပ်စုကို ဖြုတ်ချရန်အတွက် ပထမအဆင့် “တိုက်ပွဲခေါ်သံ” လည်းဖြစ်ပြီး ရှေ့ဆက်၍ ဖောက်ခွဲရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရန် အဆင်သင့်ဖြစ်ကြောင်း ရေးသားချက်ကို မဇ္ဈိမသို့ အီးမေးလ်မှတဆင့် ပေးပို့သော သူတို့၏ ထုတ်ပြန်ချက်အမှတ် ၂/၂၀၀၉ အတွင်း၌ ဖော်ပြထားသည်။

“ဗမာပြည်သား” များသည် ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သောကြောင့် အကြမ်းဖက်မှုကို မလိုလားကြသော်လည်း လက်ရှိအာဏာရှင် အုပ်ချုပ်ရေးအဖွဲ့ကမူ ပြည်သူများ ဒုက္ခအတွင်းမှ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခဲ့ကြောင်း သူတို့၏ ကြေညာချက်တွင် ပါရှိသည်။

ပဒုမ္မာပန်းခြံတွင် ည ၉ နာရီ ၃၅ မိနစ်ခန့်က ပေါက်ကွဲပြီး ကမာရွတ် လှည်းတန်း ကားမှတ်တိုင်တခုတွင် ည ၁၀ နာရီ ၅၀ မိနစ်တွင် နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်ခဲ့သည်။ အသံကျယ်လောင်သော ပေါက်ကွဲမှုများသည် လူအသေအပျောက်မရှိဘဲ ကားတစီးနှင့် ဘတ်စ်ကားမှတ်တိုင်တို့သာ ပျက်စီးမှုရှိခဲ့သည်။

ပြည်တွင်း၌ ဖြစ်ပေါ်နေသော အထွေထွေ အကျပ်အတည်းများကို ဖယ်ရှားနိုင်ရန် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ထွန်းနိုင်ရေးအတွက် အာဏာရှင် လူနည်းစု ဗိုလ်ချုပ်များအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်း၊ ကြေညာချက်များ ထုတ်ပြန်တောင်းဆိုခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများထံမှ ထိရောက်ပြတ်သားသော အကူအညီများရရှိနိုင်ရေး တင်ပြတောင်းဆိုခြင်းများဖြင့် စစ်အုပ်စုကို ဖယ်ရှားနိုင်မည် မဟုတ်ဟု ယူဆသဖြင့် ယခုကဲ့သို့ “တန်ပြန် တိုက်ခိုက်ဖောက်ခွဲခြင်း” ဖြစ်သည်ဟု WBURF က ပြောသည်။

စစ်အာဏာ သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည့် ၂၀၁၀ ခု ရွေးကောက်ပွဲကိုလည်း လက်မခံနိုင်ကြောင်းလည်း ပြောသည်။

ထို့အပြင် မကြာသေးမီက အကျဉ်းသား ၆,၀၀၀ ကျော် ပြန်လွှတ်ရာတွင်လည်း နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သည့် အဖွဲ့များက မျက်လုံးစုံမှိတ် ထောက်ခံပါက ကမ္ဘာပေါ်တွင် သနားစရာ အကောင်းဆုံး မျက်မမြင် အဖွဲ့များဟု သူတို့က သရော်လိုက်သည်။

ယမန်နေ့က ဗုံးပေါက်ကွဲမှုသည် စစ်တပ် အုပ်ချုပ်ရေးကို မြန်မာနိုင်ငံ၌ စတင် အသက်သွင်းခဲ့သော ဗိုလ်ချုပ်နေဝင်း၏ စစ်အာဏာသိမ်းမှု ၄၇ နှစ်ပြည့်မြောက်မှုနှင့်လည်း တိုက်ဆိုင်နေပြီး၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ပဒုမ္မာကွင်းတည်ရှိရာ မြေနီကုန်းနှင့် လှည်းတန်းတို့သည် ၁၉၈၈ ခု လူထုဆန္ဒပြပွဲများအတွင်း စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုများ ရှိခဲ့သော နေရာများ ဖြစ်သည်။