မြန်မာလူနာများကို အရေးပေါ် လေယာဉ်ဖြင့် ဆေးရုံပို့နိုင်ရန် စီစဉ်

မြန်မာလူနာများကို အရေးပေါ် လေယာဉ်ဖြင့် ဆေးရုံပို့နိုင်ရန် စီစဉ်
by -
ကိုဝိုင်း
မြန်မာနိုင်ငံမှ လူနာများ အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဖယားထိုင်း PAYATHAI အထူးကုဆေးရုံသို့ အရေးပေါ်လေယာဉ် စင်းလုံးငှားပြီး တက်ရောက် ကုသနိုင်ရန် စီစဉ်နေသည်။ လေယာဉ်သည် ပန်ကာ ၂ လုံးတပ်ဖြစ်ပြီး ဆရာဝန်တဦး၊ သူနာပြုတဦး၊ အကူသူနာပြုတဦး ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာနိုင်ငံမှ လူနာများ အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဖယားထိုင်း PAYATHAI အထူးကုဆေးရုံသို့ အရေးပေါ်လေယာဉ် စင်းလုံးငှားပြီး တက်ရောက် ကုသနိုင်ရန် စီစဉ်နေသည်။

လေယာဉ်သည် ပန်ကာ ၂ လုံးတပ်ဖြစ်ပြီး ဆရာဝန်တဦး၊ သူနာပြုတဦး၊ အကူသူနာပြုတဦး၊ လေယာဉ်မောင်း ၂ ဦး၊ လူနာအဖော် ၂ ဦး၊ လူနာ ၁ ဦး၊ စုစုပေါင်း ၈ ဦး လိုက်ပါနိုင်သည့် အရွယ် လေယာဉ် ၂ စင်း ထားရှိနိုင်ရေးအတွက် PAYATHAI ၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့က စတင်စီစဉ်နေခြင်း ဖြစ်သည်။

“ဟိုဘက်က လေယာဉ်မောင်းတွေ၊ ဆရာဝန်တို့၊ သူနာပြုတို့က ထိုင်းဘက်က ပါလာမှာလေ။ လေယာဉ်ပျံနဲ့ အတူတူ ပါလာတာပါ။ လေယာဉ်ပေါ်မှာ care လုပ်ဖို့ ပါလာမှာပါ။ ဒီဘက်က လူနာနဲ့ လူနာအဖော် ၂ ဦးကတော့ မြန်မာပြည်က သွားမှာပေါ့နော်” ဟု PAYATHAI ဆေးရုံ၏ မြန်မာနိုင်ငံဆိုင်ရာ စျေးကွက်မန်နေဂျာက မဇ္စျိမကို ပြောသည်။

ယခုအဖွဲ့သည် PAYATHAI ဆေးရုံသို့ မြန်မာလူနားများ တက်ရောက်နိုင်ရေးအတွက် ယခင်ကတည်းက ရိုးရိုးလေယာဉ်များဖြင့် အကျိုးဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

လေယာဉ်စင်းလုံးငှားမည့် အစီအစဉ်သည် လက်ရှိတွင် အာမခံကြေး ပေးဆောင်ထားသည့် မြန်မာနိုင်ငံမှ နိုင်ငံခြားသားများကို အဓိကထား၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသော်လည်း မြန်မာနိုင်ငံသား လူနာများလည်း လေယာဉ်ခ ထိုင်းဘတ်ငွေ ၆ သိန်း အပါအဝင် ထိုက်သင့်သည့် ကုန်ကျစရိတ်များ ပေးသွင်းပါက အခြား လိုအပ်သည်များကို အသေးစိတ် ဆွေးနွေးပြီး စီစဉ်သွားမည် ဖြစ်သည်။

သို့သော် ယခု အစီအစဉ်သည် မည်သည့်ကာလတွင် အကောင်အထည် ပေါ်လာမည်နှင့် မည်ကဲ့သို့ လတ်တလော ဆောင်ရွက်နေသည်ကိုမူ အမည်မဖော်လိုသူ စျေးကွက်မန်နေဂျာက အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပါ။

လိုအပ်ပါက မြန်မာနိုင်ငံကူး လက်မှတ်နှင့် ထိုင်းဗီဇာ ရရှိရေး တို့ကိုလည်း ဝန်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် ဆေးကုသမှု ကုန်ကျစရိတ်၊ ငွေကြေးလဲလှယ်မှု၊ အခြား ကုန်ကျစရိတ်များအတွက်မူ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သူက ဆိုသည်။  ဘန်ကောက်မြို့တွင် PAYATHAI အထူးကုဆေးရုံ ၃ ရုံရှိသည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဖိလစ်ပိုင်၊ အိုမန်၊ ကွာတာ၊ အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) နှင့် အမေရိကန်နိုင်ငံတို့တွင် ကိုယ်စားလှယ်များ ထားရှိကြောင်းလည်း သိရသည်။

Most read this week