မြန်မာ့ကြော်ငြာလုပ်ငန်း ထိုးကျသွား

မြန်မာ့ကြော်ငြာလုပ်ငန်း ထိုးကျသွား
by -
ဖနိဒါ
ကမ္ဘာ့စီးပွာရေး အကျပ်အတည်းကြောင့်  မြန်မာနိုင်ငံရှိ ကြော်ငြာလုပ်ငန်းများမှာ အနည်းဆုံး ၂၅  ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ကုမ္ပဏီများ၏ အပြောအရ သိရသည်။ "အရင်လိုတော့ မကောင်းတော့ဘူး။ ဒီစီးပွားရေး ကျပ်တည်းတဲ့ နောက်ပိုင်းပေါ့။ ၁၀၀ မှာ ၂၅ လောက် ကျသွားတယ် ...

ချင်းမိုင်(မဇ္ဈိမ)။     ။ ကမ္ဘာ့စီးပွာရေး အကျပ်အတည်းကြောင့်  မြန်မာနိုင်ငံရှိ ကြော်ငြာလုပ်ငန်းများမှာ အနည်းဆုံး ၂၅  ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ကုမ္ပဏီများ၏ အပြောအရ သိရသည်။  

"အရင်လိုတော့ မကောင်းတော့ဘူး။ ဒီစီးပွားရေး ကျပ်တည်းတဲ့ နောက်ပိုင်းပေါ့။ ၁၀၀ မှာ ၂၅ လောက် ကျသွားတယ်" ဟု 21 Advertising ကုမ္ပဏီမှ ညွှန်ကြားရေးမှူး ဦးအောင်မြတ်က မဇ္စျိမကို ပြောသည်။  

လက်ရှိတွင် တေးစီးရီးနှင့် ဖက်ရှင်၊ အထည်လုပ်ငန်း စသည့် ကုမ္ပဏီများသာ လာရောက် အလုပ်အပ်ကြောင်းနှင့် ကြော်ငြာတခုအတွက် အနည်းဆုံး တလသက်တမ်းဆိုလျှင် ကျပ် ၄ သိန်း၊ ၆ လ ကြော်ငြာမည်ဆိုပါက သိန်း ၂၀ နှင့် တနှစ်ဆိုလျှင် သိန်း ၃ဝ စျေးနှုန်း ရှိကြောင်း သူက ဆက်ပြောသည်။  

IMAGE media ကြော်ငြာကုမ္ပဏီမှ အရောင်းမန်နေဂျာတဦးကလည်း သူတို့၏ ကြော်ငြာလုပ်ငန်းမှာ သုံးပုံတပုံခန့်ပင် ကျဆင်းသွားသည်ဟု ဆိုသည်။  

"ကြော်ငြာလုပ်ငန်းက သုံးပုံတပုံလောက်တော့ ထိခိုက်သွားတယ်။ လူတွေက ကြော်ငြာအားကောင်းမှ သူတို့ပစ္စည်းတွေ ရောင်းဝယ်မှု ပိုရလာမှာဆိုတော့လေ။ စစပိုင်းကတော့ နည်းနည်းလုပ်ဖြစ်ကြတယ်။ အရင်တုန်းကဆို ကုမ္ပဏီတွေ ၂ဝ ကျော်တယ်။ အမတို့မှာက စက် ၂ လုံးရှိတော့ လုံးဝ မနားရဘူး။ အခုတော့ တလမှာ ၁ဝ ခုလောက်ပဲ လာအပ်တယ်'' ဟု သူက ပြောသည်။  

ကုမ္ပဏီလုပ်ငန်းရှင်အချို့မှာ ကြော်ငြာပင် မလုပ်နိုင်တော့သည့် ကုမ္ပဏီများတောင် ရှိနေသည်ဟု IMAGE media အရောင်းဝန်ထမ်းတဦးက ဆိုသည်။  

"တချို့ဆို ကြော်ငြာမလုပ်နိုင်တဲ့ ကုမ္ပဏီတောင် ရှိသေးတယ်။ ကျမသိတာ ဘောပင် nine ကုမ္ပဏီတောင် မကြော်ငြာတော့ဘူး" ဟု သူက ပြောသည်။  

အဓိကအားဖြင့် Billboard ၊ Vinyl စသည့် ကြော်ငြာ အမြင့် ၁၆ ပေမှ ပေ ၂ဝ နှင့် အလျား ၁၈ ပေမှ ပေ ၄ဝ အရွယ်အစားရှိ လမ်းဘေး ကြော်ငြာဆိုင်းဘုတ် လုပ်နေသည့် ထွန်းတောက် ကုမ္ပဏီလည်း ၂၀ ရာခိုင်နှုန်းခန့် ထိခိုက်သွားသည်။   

ကုမ္ပဏီ မန်နေဂျာတဦးက "ကျမတို့ ကုမ္ပဏီမှာက ၂ဝ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။ ခါတိုင်းဆို သူတို့ အလုပ်လာအပ်တဲ့ လူတွေက သိန်း ၁၀၀ လောက် ကုန်ကျတယ်။ အခုဆိုရင် ၃ဝ လောက်ပဲ ကုန်ကျနိုင်တာတွေ ရှိတာပေါ့နော်" ဟု ပြောသည်။   

လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်းအတွက် အခက်အခဲမှာ ကြော်ငြာစာသားအတွက် မြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက်ကို အနည်းဆုံး ၃ လခန့် စောင့်ဆိုင်းရခြင်းလည်း ပါ၀င်သည်။

ရန်ကုန်မြို့နေ စီးပွားရေးပညာရှင်  ဦးခင်မောင်ညို (ဘောဂဗေဒ)က တော့ ဖြေလျော့မှုများ လုပ်ပြီး စီးပွားရေးဦးမော့စေရန် လုပ်သင့်သည်ဟု ပြောသည်။

"လုပ်သင့်တာကတော့ ကိုယ့်စီးပွားရေး အရှိန်တက်လာဖို့ အစိုးရက ဖြေလျှော့ပေးတာမျိုး ရှိရမယ်။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် လုပ်တတ်ရမယ်ပေါ့။ နောက်တခုကတော့ သူတို့ ထုတ်မပြောပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြင်ဆင်နေတာ၊ ဥပမာ ပို့ကုန်ပါမစ်တွေ မြန်မြန်ရအောင် လုပ်ပေးတာတွေပေါ့။ ဟု သူက ပြောသည်။