၂ဝ၁ဝ ရွေးကောက်ပွဲအတွက် တစည မဲဆွယ်လုပ်ငန်းစတင်

၂ဝ၁ဝ ရွေးကောက်ပွဲအတွက် တစည မဲဆွယ်လုပ်ငန်းစတင်
by -
ဆလိုင်းပီပီ
စစ်အစိုးရ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အကြိုကာလတွင် စစ်အစိုးရ လိုလားသောပါတီက ယင်းတို့၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အနောက်မြောက်ဘက် ချင်းပြည်နယ်တွင် စတင် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်အစိုးရ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အကြိုကာလတွင် စစ်အစိုးရ လိုလားသောပါတီက ယင်းတို့၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အနောက်မြောက်ဘက် ချင်းပြည်နယ်တွင် စတင်လိုက်သည်။  

ရွေးကောက်ပွဲအတွက် မဲဆွယ်လုပ်ငန်းတရပ်အဖြစ် အဖွဲ့ဝင်သစ်များ စုဆောင်းခြင်း လုပ်ငန်းကို မိမိတို့ စတင်နေပြီ ဖြစ်ကြောင်းဖြင့် ချင်းပြည်နယ် မြ့ုိတော်ဟားခါးရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ စည်းရုံးရေးမှူး လင်းဟာ (Ling Ha) က ယမန်နေ့က မဇ္ဈိမကို ပြောကြားဆိုလိုက်ခြင်း ဖြစ်သည်။  

"ချင်းပြည်နယ် ၉ မြ့ုိနယ်စလုံးမှာ ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ အခု အဖွဲ့ဝင်သစ် စုဆောင်းတာတွေ စလုပ်နေပါပြီ" ဟု လင်းဟာက ပြောသည်။ သူကိုယ်တိုင်လည်း ချင်းပြည်နယ်တောင်ဘက် ကန်ပက်လက်မြ့ုိနယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။  

၂ဝဝ၃ ခုနှစ်မှ စတင်ခဲ့ပြီး ယခု အဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်သည့် စစ်အစိုးရ၏ လမ်းပြမြေပုံသည်သာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ မတိုးသာမဆုတ်သာ အခြေအနေနှင့် လူမှုဆင်းရဲ ဒုက္ခအကျပ်အတည်းတို့မှ လွတ်မြောက်နိုင်မည့် တခုတည်းသော လမ်းအဖြစ် သူနှင့် သူ့ပါတီဖြစ်သော တစည ပါတီတို့က ယုံကြည်ကြောင်းဖြင့် လင်းဟာက ပြောသည်။  

တစည ပါတီကို အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ပါတီဝင်ဟောင်းများဖြင့် ၁၉၉ဝ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ တစည နိုင်ငံရေးပါတီတွင် လက်ရှိ စစ်ဗိုလ်ချုပ်များ ကိုယ်စားပြု ပါဝင်ခြင်း မရှိသော်လည်း သူတို့ကို စစ်အစိုးရက အကြီးအကျယ် ထောက်ခံအားပေးထားသည်။  

မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် သူတို့ကို စစ်အစိုးရအာဏာပိုင်များက မည်သည့် ပိတ်ပင်ကန့်သတ်မှုမျှ မလုပ်ခဲ့ကြောင်းဖြင့် လင်းဟာက ပြောသည်။  

"ကျနော်တို့က ဥပဒေဘောင်ထဲကနေပဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်နေတာ" ဟု သူက ပြောသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဥပဒေအရ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ၅ဝ ထက်မပိုသော လူများ စုဝေးခွင့်ရှိပြီး၊ အသံချဲ့စက် အသုံးပြုခွင့်မရှိ၊ အများပြည်သူနှင့် စပ်ဆိုင်သော နေရာများတွင်လည်း ပြုလုပ်ခွင့်မရှိဟု ဆိုသည်။  

မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရှိ စုစုပေါင်း အမတ်နေရာ ၁၃ နေရာအနက် တစည ပါတီက တနေရာ အနိုင်ရရှိခဲ့သည်။ အခြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ၊ မရာပြည်သူ့ပါတီ (MPP) နှင့် မြို ခေါ် ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့ (MKNSO) တို့ ဖြစ်သည်။  

၁၉၉၂ ခုနှစ်က စစ်အစိုးရက ချင်းပြည်နယ်အတွင်း အခြားပါတီအားလုံးကို ဖျက်သိမ်းလိုက်သည့်အခါ တစည နှင့် (MKNSO) တို့သာ တရားဝင် နိုင်ငံရေးပါတီများအဖြစ် ကျန်ရစ်သည်။ NLD မှာ ဖျက်သိမ်းခြင်း မခံရသော်လည်း ရုံးများ ဖွင့်ခြင်းကို ပိတ်ပင်တားမြစ်ထားခြင်း ခံရသည်။

လက်ရှိ အုပ်စိုးနေသော စစ်အစိုးရက ဖျက်သိမ်းခြင်း ခံထားရသည့် နိုင်ငံရေးပါတီများသည် လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ခွင့်ပြုခံရဖွယ် မရှိဟု လင်းဟာ၏ အပြောအရ သိရသည်။  

ယခုအထိ ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိသော အမတ်လောင်းများမှာ လွန်ခဲ့သော ရွေးကောက်ပွဲတွင် တနေရာမျှ အနိုင်မရရှိခဲ့သည့် MKNSO နှင့် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ တသီးပုဂ္ဂလအဖြစ် တက်ရောက်ခဲ့သူ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာမူးထန်တို့ ဖြစ်သည်ဟု သူက ပြောသည်။  

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ကျောက်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်၍ တနေရာ အနိုင်ရရှိခဲ့သည့် MKNSO ပါတီသည်လည်း စစ်အစိုးရ၏ အမျိုးသား ညီလာခံသို့ ကိုယ်စားလှယ်တဦး စေလွှတ်ခဲ့သည်။  

ချင်းပြည်နယ်ရှိ မရာပြည်သူများကလည်း နောက်ထပ် ပါတီတခု ဖွဲ့စည်းတည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ် ရှိသည်ဟု ပြည်ပရောက် မရာပြည်သူ့ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမသို့ ဤအတောအတွင်း ပြောကြားသွားခဲ့သည်။  

အမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါရန် မေတ္တာရပ်ခံထားသည့် အဆိုပါ ဝါရင့်နိုင်ငံရေးသမားက "မရာပြည်သူတွေက ၂ဝ၁ဝ ရွေးကောက်ပွဲကို အလွန်အမင်း စိတ်ဝင်စားနေကြတယ်လို့ ကျနော် ကြားရပါတယ်။ သူတို့က အစည်းအဝေးတရပ် ကျင်းပပြီး ရွေးကောက်ပွဲ သဘောသဘာဝကို လေ့လာဖို့ ကိုယ်စားလှယ်တယောက် စေလွှတ်ထားပါတယ်" ဟု ပြောသည်။  

မည်သို့ပင်ဆိုစေ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေကို ကြေညာသည့်အခါမှသာ ရှင်းရှင်းလင်းလင်း သိရမည်ဟု သူက ပြောသည်။  

Most read this week