မြေပုံမြို့နယ်ရှိ ပွိုင့် ၂၅၃ စခန်းကို AA သိမ်းပိုက်

မြေပုံမြို့နယ်ရှိ ပွိုင့် ၂၅၃ စခန်းကို AA သိမ်းပိုက်
ဓာတ်ပုံ - APM
ဓာတ်ပုံ - APM

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၃ စခန်းကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါစခန်းကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး  ၁၄  ရက်အကြာတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခိုင်လုံသောသတင်းရင်းမြစ်တစ်ဦးက “အခုကတော့ တိုက်ပွဲအသံလည်း မကြားရတော့ဘူး။ စစ်ကောင်စီ တပ်သားတွေကို AA က ချေမှုန်းလိုက်တာလို့ သိရတယ်။ စခန်းကို AA က သိမ်းလိုက်ပြီ” ဟု DMG ကိုပြောသည်။

အဆိုပါစခန်းသည် စညှင်းကျေးရွာ၏ အရှေ့ဖက် တစ်မိုင်အကွာတွင်တည်ရှိပြီး စစ်ကောင်စီ ရှေ့တန်းအမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာအမှတ် (၃) စခန်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ စညှင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်ပျက်စီးမှုများရှိကြောင်း သိရသည်။

“စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး ၄ လုံး ရွာထဲကိုကျတယ်။ နေအိမ် ၂ ဆောင်ပျက်စီးပြီး ၂ ဆောင် မီးလောင်သွားတယ်။ ရွာသားတွေ ဒဏ်ရာရတာတော့ မရှိဘူး” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် တောင်ကုတ်၊ သံတွဲတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အမ်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို စစ်ရေးအရှိန် တိုးမြှင့်တိုက်ခိုက်နေသည်။

Most read this week

May 9, 2024
ရခိုင်ပြည်၊ မောင်တောဒေသတွင် AA ထိုးစစ်ကြောင့် တပ်ရင်း၊ တပ်မနှင့် တပ်စခန်းအများအပြား...
May 8, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ စျေးတန်းကို ယနေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင်...
May 8, 2024
ရခိုင်ပြည်၊ မောင်တောမြို့အနီးရှိ ကညင်ချောင်းစီးပွားရေးဇုန်တွင် ယနေ့ မေလ ၈ ရက်၊...
May 7, 2024
စစ်ရေးအရှိန်မြင့်တက်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ငယ်ပစ်ခတ်မှုနှင့်...